Monday, November 26, 2012

နေပြည်တော် စလစ်မြေကွက်များ အရောင်းအဝယ် ပြန်ဖြစ်လာ

ရန်ကုန် မဇ္ဈိမ။   ။ အတန်ကြာ ဈေးကွက်ငြိမ်သက်ခဲ့သည့် နေပြည်တော် စလစ်မြေကွက်များ အရောင်းအဝယ်ပြန်ရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။


“လက်ရှိ လူနေရပ်ကွက်၊ လူစည်ပြီးသား နေရာတွေဖြစ်တဲ့ ပျဉ်းမနားနဲ့ ပုပ္ဗသီရိမြို့နယ် နှစ်ခုကြားက ရာဇဌာနီလမ်းမကြီး လမ်းဘေးဝဲယာ မြေကွက်တွေ ပြန်လှုပ်လာတယ်။ မေးသူလိုက်လာတယ်။ အဝယ်ရှိလာတယ်။ ဝယ်သူအများစုက ရင်းနှီး မြှုပ်နှံဖို့ထက် နေထိုင်ဖို့ ဝယ်ယူသူတွေ များပါတယ်” ဟု နေပြည်တော်ရှိ နှင်းထက်နိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဝင်းနိုင်ထွန်း က ပြောသည်။

နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ် နှစ်လယ် ကျော်လောက်အထိ နေရာဒေသစုံမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ဝယ်ယူမှု ရှိခဲ့သည်။

“ရာဇဌာနီ လမ်းမကြီးပေါ်က ၄၀ × ၆၀ ပေ မြေတကွက်ကို ကျပ်သိန်း ၂,၀၀၀ နဲ့ အရောင်းအဝယ် ဖြစ်တယ် ကြားတယ်။ အဲဒီနေရာက အရင် အရောင်းအဝယ် ကောင်းတုန်းကဆိုရင် ကျပ်သိန်း ၂,၅၀၀ လောက် ရှိခဲ့တယ်” ဟု ရာဇဌာနီလမ်းတွင် နေထိုင်သူ ဒေါ်အေးသိန်း က မဇ္ဈိမကို ပြောကြားသည်။

ရာဇဌာနီလမ်းမကြီး နောက်ကျောရှိ လမ်းသွယ်နေရာများတွင် ပေ ၄၀ × ၆၀ တကွက်လျှင် ကျပ်သိန်း ၄၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ယင်းနေရာများမှာ ယခင်ကာလများက ကျပ်သိန်း ၇၀၀ အထိ ပေါက်ဈေးရှိခဲ့သည်။ ထိုနေရာရှိ ကျပ်သိန်း ၇၀၀-၈၀၀ ခေါ်နေသည့် မြေကွက်များကို ဝယ်ယူရန် နောက်ထပ် ဈေးညှိနှိုင်းမူများ ရှိနေသည်ဟု ဆိုသည်။

နေပြည်တော်ရှိ မြေကွက်များအနက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းနှင့် ကျောက်မျက်ပြတိုက် ပတ်ဝန်းကျင်မြေကွက်များ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမဘေးရှိ A လမ်း၊ B လမ်း၊ E လမ်း၊ G လမ်းများမှာ လူကြိုက်အများဆုံး နေရာများဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment