Monday, November 26, 2012

ပထမဆုံးအကြိမ် တင်ချင်းဆက်အမွှာ ခွဲစိတ်မှုအောင်မြင်


 



  မန္တလေးမြို့ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံတွင် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ယောက်ျားလေး တင်ချင်းဆက်အမွှာ ခွဲစိတ်ကုသမှုအား ယနေ့ နိုဝင်ဘာလ(၂၆)ရက်နေ့၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။ 

"မန္တလေးမှာလွန်ခဲ့တဲ့(၁၀)နှစ်က တင်ပဆုံအရိုးကွင်းဆက် ခွဲခဲ့တာရှိတယ်၊ မိုးမမအောင်နဲ့ မိုးပပအောင်တို့လေ။  ခုဟာက ယောက်ျားလေး တင်ချင်းဆက်ကတော့ မြန်မာပြည်မှာ ဒါပထမဆုံး ပါပဲ"  ဟု ဆေးရုံအုပ် ပါမောက္ခ   ဒေါက်တာဦးအောင်မြက ပြောသည်။
 မြန်မာနိုင်ငံ၌ အမွှာချင်းဆက် ခွဲစိတ်ကုသမှု(၇)ကြိမ်ပြုလုပ်ပြီးသော်လည်း၊ ယခုကဲ့သို့ တင်ချင်းဆက် အမွှာခွဲစိတ်ကုသမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ယခင်ပြုလုပ်ခဲ့သော တင်ပဆုံအရိုးကွင်းဆက် အမွှာမိန်းကလေးနှင့် ယခုတင်ချင်းဆက် အမွှာညီအကို တို့၏ အရိုးကွင်းဆက်မှာ မတူညီကြောင်း၊ ခါးရိုးကွင်းဆက်သည် ခါးအပေါ်ပိုင်းတွင် ဆက်ဆက်နေပြီး တင်ပဆုံအရိုးကွင်းဆက်သည် အောက်ပိုင်းတွင် လာဆက်ကြောင်း၊ အသားချင်းဆက်ယုံမျှမက ကလေးနှစ်ဦး၏ ဆီးသွားလမ်းကြောင်းနှင့် မစင်စွန့်သည့် လမ်းကြောင်းများလည်း တစ်ဆက်တည်းဖြစ် နေကြောင်းကိုလည်း ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။
 နိုဝင်ဘာ (၂၆)ရက်နေ့တွင် ခွဲစိပ်ကုသမူပြုလုပ်ခဲ့သော အမွှာညီအစ်ကိုမှာ ၂၀၁၁ခုနှစ် မေလ (၁၅)ရက်နေ့ ၌ မန္တလေးရှိ အေးသုခ ဆေးရုံတွင် မွေးဖွားခဲ့ကြောင်းကိုလည်း သိရသည်။
အဆိုပါဆေးရုံမှတဆင့် ကုတင် (၅၅၀)ဆံ့ ကလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၄င်းတို့၏ စားသောက်မှု ကိစ္စအ၀၀ကို   နိုင်ငံတော်၊ ဆေးရုံဆေးပဒေသာပင်၊ ပုဂ္ဂလိကကျောင်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်အချို့တို့မှ ၀ိုင်းဝန်းတာဝန်ယူခဲ့ကြောင်းကိုလည်း သိရသည်။
 "ကျမတို့က လက်လုပ် လက်စားဆိုတော့ ခုလိုမျိုးဆေးရုံက စောင့်ရှောက်ပြီး လုပ်ပေးတဲ့အတွက် ကျေးဇူးအရမ်း တင်ပါတယ်"ဟု မိခင်ဖြစ်သူ ဒေါ်မြသန္တာက ပြောကြားခဲ့ခြင်းဖြစ်သည်။
  ယခုအမွှာသည် သူမ၏ ဒုတိယအကြိမ် မီးဖွားမှု ဖြစ်ကြောင်းကိုလည်း သိရသည်။
ခွဲစိတ်မှုလုပ်ငန်းစဉ်တွင် ဆရာဝန်(၁၉)ဦးပါဝင်ကြောင်းသိရပြီး ရန်ကုန်မြို့မှ ဆရာဝန်(၉)ဦးပါဝင်ပြီး အတွေ့အကြုံရှိ ဆရာဝန်များလည်း ပါဝင်ကာ ခွဲစိတ်မှုမှာ(၁၀)နာရီကျော်ခန့်ကြာမြင့်ကြောင်း သိရသည်။
  
"ခွဲစိတ်ချိန်(၁၀)နာရီကြာမယ် ၊ ခွဲပြီးသွားရင်လဲ နောက်ပိုင်းမှာ ထပ်မံခွဲစိတ်မှုကတော့ (၃)ကြိမ်လောက် ထပ်လုပ်ပေးရဦးမယ် ၊ နှစ်ယောက်ကို ခွဲပြီးပြီဆိုရင်တော့ ခွဲခန်းတစ်ယောက်တစ်ခန်းနဲ့ ထပ်လုပ်ပေး ရဦးမှာပါ" ဟု ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။
from -မြစ်မခ

No comments:

Post a Comment