Tuesday, November 27, 2012

ပေါက်တောမြို့ပေါ် ရပ်ကွက်များတွင် မွတ်ဆလင်များကို ပြန်လည် နေရာ ချထားပေးမည်မှာ မဟုတ်မှန်

 
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မွတ်ဆလင် မိသားစုများအား ယခင်သူတို့နေထိုင်ခဲ့ရာ ရပ်ကွက်များတွင် ပြန်လည် နေရာချထားပေးမည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက ပြောဆိုလိုက်သည်။ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု လက်မှု ၀န်ကြီး ဦးသာလူချေအား ပေါက်တောမြို့ပေါ်ရှိ ယခင်
ရပ်ကွက်များတွင် မွတ်ဆလင် မိသားစုများအား ပြန် လည် နေရာချထားပေးရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မေးမြန်း ရာ ၀န်ကြီးက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။
ဝန်ကြီး ဦးသာလူချေက “ ကျွန်တော်တို့ ဒီလ ၂၅ ရက်နေ့က ပေါက်တောကို သွားကြည့်ပါတယ်။ အခု ဖြစ်နေတာက စစ်တွေမှာ နယ်တွေက မွတ်ဆလင် ဒုက္ခသည်တွေ အများအပြား ရောက်ရှိ နေ တယ်။ လူတွေက အရမ်းများတော့ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ်။ ဒါကြောင့် သူတို့ နေ ထိုင်ခဲ့ တဲ့ မြို့နယ်တွေထဲက သင့်တော်တဲ့ နေရာတွေမှာ ပြန်လည် နေရာချထားပေးလိုတဲ့ အတွက် ပေါက်တောကို သွားကြည့်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ပေါက်တောမြို့ပေါ်တွင် မွတ်ဆလင် မိသားစုများကို ပြန်လည် နေရာချပေးပါက တတိယ အကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်မူများ ပေါ်ပေါက်နိုင်သည်ဟု မြို့လူကြီးများက သတိ ပေးခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ကို မြို့ခံလူကြီးတွေက သတိပေးတာကတော့ မွတ်ဆလင် မိသားစုတွေကို ပြန်ထား ရင် နောက်ထပ် တိုက်ခိုက်မူတွေ ပြန်ပေါ်နိုင်တယ်လို့ ပြောတယ်။ မြို့ခံတွေ အများအပြားကလည်း  ပြန်လည် နေရာချထားမှာကို သဘောမတူကြဘူး။ ဒါကြောင့် ကျွန်တော်တို့က စစ်တွေမှာလို ရခိုင်တွေ နေတဲ့ နေရာနဲ့ ဝေးဝေးမှာ သူတို့ကို ပြန်လည် နေရာချထားရေး အတွက် စီစဉ်နေတာ ဖြစ်ပါ တယ်” ဟု ပြောသည်။
ပေါက်တော ဒေသခံ အမျိုးသမီး တစ်ဦးကလည်း  ပြည်နယ်အစိုးရ အနေဖြင့် မွတ်ဆလင် မိသားစု များအား ပေါက်တောတွင် နေရာချထားရေးကို အကောင်အထည်ဖေါ်ပါက မလိုလားအပ်သည့် ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ်နိုင်သည်ဟု ပြောသည်။
“ကျွန်မတို့က အရမ်း စိုးရိမ်နေတယ်။ ဒါကြောင့် ကန့်ကွက်နေရတာဖြစ်တယ်။ တတိယ အကြိမ် လူမျိုး နှစ်မျိုးအကြားမှာ အကြမ်းဘက်မှုတွေ ဆက်မဖြစ်စေချင်ဘူး။ ဒီကိစ္စ အကောင်အ ထည် ဖေါ်မယ်ဆိုလို့ရှိရင် သေချာပေါက် အကြမ်းဘက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်မယ်။ အဲဒါကြောင့် ဒီလုပ်ငန်းကို အတတ်နိုင်ဆုံး ကန့်ကွက်နေရတာ ဖြစ်ပါတယ်” ဟုဆိုသည်။
ပေါက်တော ဒေသခံများ ကန့်ကွက်နေသဖြင့် သူတို့အား ပေါက်တောမြို့နှင့် မနီးမဝေး နေရာတစ်ခု တွင် နေရာချထားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း မည်သည့်နေ့တွင် နေရာချထားမည်၊ မည်သည့်နေ့တွင် ပြောင်းရွှေ့မည်ကို မဆုံးဖြတ်ရသေးကြောင်း ၀န်ကြီးက ပြောကြားသည်။
လက်ရှိ စစ်တွေမြို့ သဲချောင်းပတ်ဝန်းကျင်တွင် မြေပုံ၊ ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်များမှ မွတ် ဆလင် ဒုက္ခသည် အများအပြား ၀င်ရောက်လာသဖြင့် လူမူရေးမတည်ငြိမ်မူ၊ သဘာဝ ပတ်ဝန်း ကျင် ပျက်စီးမူ၊ ဥပဒေ မစိုးမိုးမူများ ပေါ်ပေါက်နေသဖြင့် အမြန်ဆုံး သူတို့ နေထိုင်ရာ မြို့နယ်များသို့ ပြန် လည် ပို့ဆောင်ရန် လိုအပ်နေသည်ဟုလည်း ၀န်ကြီးက ပြောဆိုသည်။
နိုဝင်ဘာ ၂၅ရက်နေ့က ပေါက်တောကို သွားရောက် ကြည့်ရှု့ စစ်ဆေးရာတွင်  ၀န်ကြီး ဦးသာလူချေ နှင့်အတူ လူမှုရေးရာ ၀န်ကြီး ဒေါက်တာ အောင်ကျော်မင်း၊  အန်ဂျီအိုများမှ တာဝန် ရှိ ပုဂ္ဂိုလ် ၅ ဦး တို့ပါဝင်ခဲ့သည်ဟု သိရသည်။

(ကိုထွန်းထွန်းမှ ပေါက်တောမှ သတင်းများ စုဆောင်းပေးပို့သည်။)

နိရဉ္စရာသတင်းဌာန


No comments:

Post a Comment