Saturday, November 24, 2012

စက်သုံးဆီမှောင်ခိုတင်သွင်းမှုကြောင့် နိုင်ငံတော်အခွန်ငွေများနစ်နာနေ

အစိုးရသစ်လက်ထက်မှစတင်၍ မြန်မာနိုင်ငံအတွင်း စက်သုံးဆီလွတ်လပ်စွာ တင်သွင်းရောင်းချခွင့် ပြုထားသော် လည်း မသမာသူအချို့မှ စက်သုံးဆီမှောင်ခို အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော် တင်သွင်းခဲ့သည့်အတွက် နိုင်ငံတော် အခွန်ငွေ ကျပ် ၆၀ ဘီလီခန့် နစ်နာဆုံးရှုံးခဲ့ရကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဝင်းမြင့် က ပြောကြား သည်။

ထို့ပြင် စက်သုံးဆီ မှောင်ခိုတင်သွင်းမှုများကို သတင်းပေးတိုင်တန်းမှုများ ရှိသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဆီသယ်ယာဉ်များအား စစ်ဆေးခြင်းမပြုရပာု ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အတွက် သက်ဆိုင်ရာဒေသခံ အာဏာပိုင်များအနေဖြင့် ဝင်ရောက်စစ်ဆေးရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်းသိရသည်။ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချခွင့်ရရှိထားသည့် ကုမ္ပဏီများအနေဖြင့်လည်း သွင်းကုန်လိုင်စင်ဖြင့် တရားဝင် သယ်ယူခြင်းများရှိသကဲ့သို့ နယ်စပ်ဒေသမှ မှောင်ခိုတင်သွင်းခြင်း၊ ခွင့်ပြုထားသည့်ပမာဏထက် ပိုမိုသယ်ဆောင်တင်သွင်းခြင်းများလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် စက်သုံးဆီကဏ္ဍမှ အခွန်ကောက်ခံရရှိမှုနှင့် ပြည်တွင်းအသားတင် ထုတ်လုပ်မှု(GDP)အချိုးမှာ သုံးရာခိုင်နှုန်း ရှိသော်လည်း ယခုနှစ်တွင် ပိုမိုလျော့နည်းလာပြီး နိုင်ငံတော်အခွန်ငွေ ရရှိမှုများမှာလည်း ယခင်နှစ်များထက် ပိုမိုကျဆင်းလာကြောင်း သိရ သည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် လမ်းဘေးစက်သုံးဆီဆိုင်များ အပါအဝင် စက်သုံးဆီများနှင့်ပတ်သက်၍ အရေးယူခြင်း မပြုရန်နှင့် စစ်ဆေးအရေးယူမည်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာနသို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ နိုင်ငံတော်အခွန်ငွေ နစ်နာဆုံးရှုံးမှုများရှိသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုအဆင့်ကော်မတီတစ်ရပ် ဖွဲ့စည်း၍ နယ်စပ်မှောင်ခို တင်သွင်းမှုများကို ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့သားကောင်းအဖွဲ့  myanmartharkaung.net

No comments:

Post a Comment