Monday, November 12, 2012

ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ ဘာတွေ၊ ဘယ်လို လုပ်နေသလဲ၊ ဘာတွေ ဘယ်လို ဆက်လုပ်မှာလဲ ဟူ၍ မေးမြန်းကြသော မိတ်ဆွေများအတွက် The Voice Weekly ပါ ဆောင်းပါး ဖြစ်ပါတယ်-

အထက်တန်းကျသော အမျိုးသားရေးနှင့် သန်း ၆ဝ ၏ မနက်ဖြန်
==================================
(မှူးဇော်)
နိဒါန်း
လတ်တလော တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များသည် မြန်မာ့နွေဦး ကို အရုပ် ဆိုးစေမည် ဟု နိုင်ငံတကာ ကျွမ်းကျင်သူများက ထောက်ပြ ပြောကြားခဲ့ကြသည်။

သို့သော်လည်း အမျိုးသား လုံခြုံရေးနှင့် အမျိုးသားရေး အရ အနောက်ဘက် တံခါး မကျိုးပေါက်ရေး သည် အသက်သွေးကြော ဖြစ်ကြောင်း ရပ်တည်ကြ သည်လည်းရှိသည်။ အချို့ကလည်း သဟဇာတ လူ့အဖွဲ့အစည်းသို့ မျှော်မှန်း တည်ဆောက်သွားရန် အဆိုပြုကြသည်။

အချို့ကလည်း သဟဇာတ လူ့အဖွဲ့အစည်းသို့ ချီရာလမ်းမှာ အချိန် အတော်များများ စောင့်ဆိုင်းရမည် ဖြစ်ကြောင်း၊ လတ်တလော ကာလတွင် သီးခြားစီ ပိုင်းခြားထားရမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားကြသည် များကိုလည်း တွေ့ရှိရသည်။

တည်ငြိမ်အေးချမ်းရေး (လတ်တလော လိုအပ်ချက်)
-------------------------------------------------------

ရခိုင်ပြည်နယ်တွင် တစ်ဖန်ပြန်လည် ဖြစ်ပွားလာသော ပဋိပက္ခ နှင့် စပ်လျဉ်း၍ လတ်တလော လိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်ရေး ပင်ဖြစ်သည်။ လတ်တလော အရေးကြီး ဆောင်ရွက်ရမည့် နိုင်ငံတော်အစိုးရ၏ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်ကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၏ ပြည်သူ့လွှတ်တော် အတွင်း ရှင်းလင်း ချက်ကိုကြည့်၍ သိရှိ နားလည်နိုင်မည်ဟု ယူဆသည်။ ပဋိပက္ခများ ပြန်လည် ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ် သည် အချိန်မရွေး ပေါက်ကွဲသွားနိုင်သော အနေအထား နေရာ အတော်များများ တွင် တည်ရှိနေသည်။ ယင်းသို့သော မီးခဲပြာဖုံး အခြေအနေကို တည်ငြိမ် အောင် ထိန်းသိမ်းရန်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ခြင်း၊ လုံခြုံရေးအဆင့်အတန်း မြှင့်တင်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက် ရန်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး၏ ရှင်းလင်း တင်ပြချက်တွင် တွေ့ရှိနိုင်သည်။

လတ်တလော ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်ကို ၂၆-၁ဝ-၂ဝ၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ပန်းတနော် မဲဆန္ဒ နယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဉာဏ် ၏ အရေးကြီး အဆို တင်သွင်းမှုနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က အောက်ပါ အတိုင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း တွေ့ရှိရသည်။

(၁) တည်ငြိမ်အေးချမ်းမှု အကောင်အထည် ဖော်ရေးနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၊ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့များကို ကွပ်ကဲပြီး မူလအခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ရေး
မေလနှင့် ဇွန်လများတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်း ထားသည့် လုပ်ငန်းတာဝန် အဖွဲ့အား တာဝန်ယူ ဆောင်ရွက်စေခဲ့သည်။ (ဇွန်လ အတွင်း ဖွဲ့စည်း ဆောင်ရွက် စေခဲ့ခြင်းဖြစ်သည်။)

(၂) ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ရေးနှင့် ဒုက္ခသည်များကို ကူညီ စောင့်ရှောက်ရေး
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည် နယ် အစိုးရတာဝန်ရှိသူများ ပါဝင် ဖွဲ့စည်းထားသည့် အဖွဲ့ကို တာဝန်ယူ ဆောင်ရွက်စေခဲ့သည်။ (ဇွန်လအတွင်း ဖွဲ့စည်း ဆောင်ရွက်စေခဲ့ခြင်း ဖြစ်သည်။)

(၃) ယင်းအဖွဲ့ (၂) ဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သော အဆင့် (၃) ဆင့်

(က) ပထမအဆင့် ။ အကြမ်းဖက်မှုဒဏ် ခံစားနေရသော ပြည်သူများနှင့် ကြောက်ရွံ့မှု ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများအား ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီး ယာယီ ကယ်ဆယ် ထိန်းသိမ်း စောင့်ရှောက်ရန်၊

(ခ) ဒုတိယအဆင့် ။ ပျက်စီးဆုံးရှုံးမှု များကို စာရင်းပြုစုရန်၊ အရေးပေါ် အခြေအနေတွင် လိုအပ်သော ကယ်ဆယ်ရေး ပစ္စည်းများ ဖြည့်တင်း ထောက်ပံ့ရန်၊

(ဂ) တတိယအဆင့် ။ ရေရှည် ရပ်တည်နိုင်ပြီး မူလ အခြေအနေ အတိုင်း ပြန်လည် နေထိုင်နိုင်ရေး အတွက် စီမံဆောင်ရွက် ပေးရန်။

(၄) လတ်တလော ဆောင်ရွက်ချက်

ရခိုင်ပြည်နယ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့် အမှတ်စဉ် (၁/၂ဝ၁၂) ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာထားပြီး ဖြစ်သည်။ ယင်းအချက် ကြောင့် အောက်ပါအတိုင်း ဆောင်ရွက်လျက် ရှိသည် -

(က) လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ခြင်း ။ ဆောင်ရွက် ပြီးဖြစ်သည်။ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက) တပ်ဖွဲ့ဝင်များ စသည် တို့ဖြင့် အင်အား လုံလောက်သည် အထိ ဖြည့်တင်းထားပြီး ဖြစ်သည်။

(ခ) လုံခြုံရေးအဆင့် တိုးမြှင့်ခြင်း ။ ပဋိပက္ခ ဖြစ်ဖွယ်ရာရှိသော ဒေသများကို စောင့်ကြည့်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ကြိုတင် နေရာချထားခြင်း၊ လိုအပ်ပါက ပုဒ်မ ၁၄၄ ထုတ်ပြန် ကြေညာခြင်း အစရှိသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ထားပြီး ဖြစ်သည်။ လိုအပ် လာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေအ ခန်း (၁၁) ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်သွားရန် စီစဉ်ထားပြီး ဖြစ်သည်။

(ဂ) ဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်း ။ ဥပဒေ ချိုးဖောက်မှုများ၊ အခြေခံ လူ့အခွင့်အရေး (နိုင်ငံသားများ၏ မူလအခွင့်အရေး) ချိုးဖောက်မှု များ စသည်တို့ကို ဥပဒေနှင့် အညီ ဖော်ထုတ် ဖမ်းဆီးခြင်း၊ အရေးယူ ခြင်း စသည်တို့ ဆောင်ရွက်နေပြီ ဖြစ်သည်။

ပထဝီ နိုင်ငံရေး (အလယ်အလတ် လုပ်ငန်းစဉ်)
--------------------------------------------------

၂၄-၁ဝ-၂ဝ၁၂ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) မှ ဦးခင်မောင်လတ် ၏ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ် ဆိုင်ရာ စီမံ ဆောင်ရွက်မှုများ ကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်း ရှင်းလင်းပြောကြားချက် များမှ ထုတ်နုတ်လိုက်လျှင် ပထဝီနိုင်ငံရေး အရလည်းကောင်း၊ စစ်ရေး လိုအပ်ချက် အရလည်းကောင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေး အတွက်လည်းကောင်း အလယ်အလတ် လုပ်ငန်းစဉ်ကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည် -

(၁) မော်တင်စွန်းမှ နတ်မြစ်ဝအထိ
ရခိုင်ပင်လယ်ပြင် ကို တပ်မတော် (ရေ) က တာဝန်ယူ၍ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။

(၂) အငူမော်မှ နတ်မြစ်ဝ၊ နတ်မြစ်ဝမှ နယ်နိမိတ် တစ်လျှောက်
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (နစက) တပ်ဖွဲ့ဝင် များဖြင့် နယ်မြေ ၁၁ ခု၊ စခန်း ၃၂ ခုတို့ဖြင့် ကုန်းပိုင်း ဆက်စပ်နယ်နိမိတ် များနှင့် မြစ်ဝ၊ ချောင်းဝများနှင့် ရေပြင်ဆက်စပ် နယ်နိမိတ် များတွင် ကင်းစခန်းများ ထားရှိ ခြေကုပ်ယူ၍ လုံခြုံရေး ဆောင်ရွက်ခြင်း၊ နတ်မြစ် တစ်လျှောက် ရေပြင်ဆက်စပ် နယ်နိမိတ် များတွင် ကင်းလှည့် ရေယာဉ်များဖြင့် လုံခြုံရေး ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်လျက် ရှိသည်။

(၃) ရေကြောင်းရဲတပ်ဖွဲ့
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၉-၇-၂ဝ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ သော ရေကြောင်း ရဲတပ်ဖွဲ့နှင့် စပ်လျဉ်း၍ ရေကြောင်း ရဲတပ်ဖွဲ့ခွဲ တစ်ခုကို ကျောက်ဖြူ ဆိပ်ကမ်းတွင် လည်းကောင်း၊ ရေကြောင်း ရဲတပ်ဖွဲ့ နှစ်စုကို စစ်တွေနှင့် သံတွဲ ဆိပ်ကမ်းများတွင် လည်းကောင်း ဖြန့်ခွဲ ဆောင်ရွက်သွားမည် ဖြစ်သည်။

(၄) ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ခြင်း
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ဖွဲ့ စည်းခြင်း၊ လက်ရှိ ဆောင်ရွက်လျက် ရှိသည့် ရဲစခန်း ၇၅ ခုအပြင် ရဲစခန်း ၃ဝ ခုတို့ကို အသစ်ထပ်မံ ဖွင့်လှစ်ခြင်းနှင့် ရှိရင်းမူလ ရဲစခန်း ရှစ်ခုကို အဆင့် တိုးမြှင့်ခြင်းတို့ စီမံဆောင်ရွက်လျက် ရှိသည်။

(၅) နယ်စပ်ခြံစည်းရိုး ကာရံခြင်း
နယ်စပ်တစ်လျှောက်တွင် နယ်စပ် ခြံစည်းရိုးများ ကာရံခြင်းကို မောင်တောမြို့ မြောက်ပိုင်းမှ စတင်၍ မောင်တောမြို့ တောင်ပိုင်း တုံးချောင်းဝ အထိ နယ်စပ်ခြံစည်းရိုး ဆောင်ရွက်ပြီး ဖြစ်သည်။ တရားမဝင် ဝင်ရောက်မှုများ မရှိစေရန်အတွက် ခေတ်မီ လုံခြုံရေးစနစ်၊ ထောက်လှမ်းရေး ကိရိယာများနှင့် ခေတ်မီ ဆက်သွယ်ရေး စနစ်များ အသုံးပြု၍ ကာကွယ်နိုင်ရန် စီမံလျက်ရှိသည်။

(၆) စိစစ်ခြင်းနှင့် စစ်ဆေးခြင်း
သက်ဆိုင်ရာ ဌာနများက မြို့နယ်အသီးသီးတွင် ရှောင်တခင် စစ်ဆေးခြင်း၊ ကုန်းလမ်း၊ ရေဆိပ်၊ လေဆိပ်နှင့် ပင်လယ်ကမ်းခြေ ဝင်ပေါက်၊ ထွက်ပေါက် စစ်ဆေးရေး ဂိတ်များမှ စစ်ဆေးခြင်း၊ မြစ် ကြောင်းများ၌ ရှောင်တခင် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ သည်။ ခိုးဝင်ခြင်း၊ ခိုးထွက်ခြင်း မရှိစေရန်အတွက်လည်း သက်ဆိုင် ရာ ဌာနများက ရပ်ကွက်/ ကျေးရွာများကို မြေပုံဆွဲခြင်း၊ အဆောက် အဦ မှတ်တမ်းတင်ခြင်း၊ လူဦးရေ စာရင်း စစ်ဆေးခြင်း (ဆွဲ/တင်/စစ်) လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက် ရှိသည်။

ဒေသဖွံ့ဖြိုးရေး (ရေရှည်လုပ်ငန်းစဉ်)
--------------------------------------

အမျိုးသား လွှတ်တော်အတွင်း ရှင်းလင်း တင်ပြချက်များအရ ရခိုင်ပြည်နယ်ကို ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရမှ အစီအမံများ ရေးဆွဲဆောင်ရွက်လျက် ရှိသလို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ဆွေးနွေး တိုင်ပင်ခြင်းများ ဆောင်ရွက်လျက် ရှိသည်။ ပိုမိုထိရောက်မှု ရှိသော အုပ်ချုပ်မှု ယန္တရား တည်ဆောက်ရေး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ပိုမိုပါဝင်လာ ရေး၊ ဒေသ ဖွံ့ဖြိုးရေးကို နှစ် ၃ဝ အထိ စီမံကိန်းများ ရေးဆွဲ၍ စနစ် တကျ တိုးတက်စေရေး၊ နယ်စပ် ခြံစည်းရိုး တစ်လျှောက် ကွန်ကရစ် ပတ်လမ်း ဖောက်လုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် အသိပညာ ပေးခြင်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်များ ပေါ်ထွန်းရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ များလာရေး၊ လူဦးရေ တိုးပွားမှုနှုန်း ထိန်းချုပ်ရေး၊ နိုင်ငံသား စိစစ်မှု များ တိကျ မှန်ကန်ရေး၊ သုံးနိုင်ငံ နယ်စပ်၌ အထူးစီးပွားရေး ဇုန်ကြီး များ ဖြစ်ထွန်း ပေါ်ပေါက်လာရေး စသည်တို့ကို မျှော်မှန်း ဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် ရခိုင် ပဋိပက္ခကို စုံစမ်းစစ်ဆေးရေးနှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရန် အတွက် သီးခြားလွတ်လပ်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင် သည် လည်း လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သည်။ အဆိုပါ ကော်မရှင် ၏ သုံးသပ်ချက်နှင့် အကြံပြု တင်ပြချက်များ အပေါ်မူတည်၍ ရခိုင် ပြည်နယ် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးကို အခိုင်အမာ ပြန်လည် တည်ဆောက်ရန် အတွက် အစီအမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် သွားရမည် ဖြစ်သည်။

နိဂုံး
---

နိုင်ငံတကာ မီဒီယာများတွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ အပြု သဘော မဆောင်သော ရေးသား ဖော်ပြချက်များ အများအပြား တွေ့ ရှိနေရသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်ကျော် ကာလအတွင်း ဘင်္ဂါလီ လူမျိုးများ ၏ သီးခြားနိုင်ငံ ခွဲထွက်ရေး လှုံ့ဆော်မှုများ၊ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်း များသို့ စနစ်တကျ ထိုးဖောက် လှုပ်ရှားမှု များ စသည်တို့အရ ဖိအားတစ်ရပ် ဖြစ်ခဲ့ရသော အခြေအနေသည် လက်ရှိ နိုင်ငံတော် သမ္မတကြီး လက်ထက် လွတ်လပ် ပွင့်လင်းသော နိုင်ငံရေးနှင့် အုပ်ချုပ်ရေး စနစ်ကိုပါ လွှမ်းမိုးနေသည့် အနေအထား ဖြစ်ကြောင်း တွေ့ရှိရသည်။ အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း အမည်ခံများကလည်း ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်းများ ပြုလုပ်လျက်ရှိရာ အမျိုးသားရေး အတွက် ခြိမ်း ခြောက်မှုကြီး တစ်ရပ်ဟူ၍ နိုင်ငံသားများ စိတ်တွင် စွဲနစ်လာခဲ့သည်။

လူနည်းစုပါ ဟူ၍ နိုင်ငံတကာ အလယ်တွင် မျက်ရည်ခံထိုး ကြွေးကြော် လှုံ့ဆော်နေကြသူများ အနေဖြင့်လည်း သမိုင်းနှင့်ချီပြီး ရှုပ်ထွေး နက်နဲလှသော လက်ရှိ ပဋိပက္ခကို ပိုမိုကြီးမား မလာစေရန် သတိဖြင့် ဆင်ခြင်သင့်ကြောင်း တွေ့ရှိရသည်။ ကိုလိုနီဘဝ ကျရောက် ခဲ့ဖူးသော အာရှနိုင်ငံ တိုင်းတွင် အတိတ်မှ အရိပ်မည်းကြီးများ အမြဲ အုပ်မိုးနေသလို အမျိုးသားရေး စိတ်ဓာတ်သည် အချိန်အခါ သင့်တိုင်း အဆင်သင့် ရှိနေတတ်သော သဘောသဘာဝကို သတိပြုရန် လိုအပ် သည်။ အလားတူ အမျိုးသားရေး တွင်လည်း သန်း ၆ဝ အနာဂတ်ကို ထိခိုက်နစ်နာ စေနိုင်သော လှုံ့ဆော်မှုများ သတိဖြင့် ရှောင်ရှားကြရန် လိုအပ်မည်ဖြစ်သည်။ မြန်မာ့နွေဦး ပုံရိပ်သည် ရခိုင်ပြည်နယ် အရိပ် မည်းကြောင့် ညှိုးနွမ်း မသွားစေရန်လည်း ပါဝင် ပတ်သက်နေသူ အားလုံး၏ အမြော်အမြင်က အဓိက ကျနေကြောင်း တွေ့ရှိရသည်။

နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက် (၁/၂ဝ၁၂) နှင့် (၂/၂ဝ၁၂) တို့တွင် လက်ရှိ အခြေအနေကို ခြုံငုံဖော် ပြလျက်ရှိသလို Rule of Law ကို အလေးထား ဆောင်ရွက်သွားမည့် နိုင်ငံတော် သမ္မတကြီး၏ လုပ်ငန်းစဉ် ကိုလည်း တွေ့မြင်နိုင်သည်။ အဆိုပါ ကြေညာချက် များတွင် ထုတ်ပြန်ထားသည့် အတိုင်း ပဋိပက္ခ များကို ဖြေရှင်းရာ၌ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး ရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့် အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ် ပညာ အမြော်အမြင် ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်မည် ဖြစ် သလို ကမ္ဘာ့ အလယ်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မထိခိုက် မညှိုးနွမ်းစေရေး အတွက် နိုင်ငံတော်ကို ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူ အပေါင်း တို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင် ရွက်ကြရန် လိုအပ်မည် ဖြစ်သည်။

အထူးသဖြင့် သွေးဆူလွယ်သော ပဋိပက္ခကို ဦးတည်သော အမျိုးသားရေးကို သတိဖြင့် ဆင်ခြင်လျက်၊ ရင့်ကျက်ပြီး အထက်တန်း ကျသော အမျိုးသားရေးကို ရှေးရှု ဦးတည်ကြပါမည့် အကြောင်း မီး မောင်းထိုး တင်ပြလိုက်ရ ပေသည်။

Hmuu Zaw

No comments:

Post a Comment