Saturday, December 1, 2012

ဒီမိုကရေစီ အသွင်ပြောင်း ကာလ နောက်ပြန် ခြေလှမ်းလော


မကြာသေးခင်ကမှ တက်လာသော သတင်းများအရ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ကာ ဆန္ဒပြနေကြသည့် ရဟန်းသံဃာများနှင့် ဒေသခံ ပြည်သူလူထု ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသူများက ယနေ့နံနက် လင်းအားကြီး ၃ နာရီခန့်တွင် အင်အားသုံး ဝင်ရောက် ဖြိုခွင်း လိုက်ကြောင်း သိရပါသည်။ ထိုသို့ ဖြိုခွင်းရာတွင် အင်အားပြင်း ရေပိုက်ဖြင့် ထိုးပက်ပြီးနောက် မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများ ထပ်ဆင့် အသုံးပြုခဲ့ရာ မီးခိုးဗုံးတွင် ပါဝင်သော ဖော့စဖိတ်ကြောင့် ပေါက်ကွဲ မီးလောင်မှုဖြစ်ပြီး တဲစခန်းများ မီးလောင်ခြင်း၊ ဆန္ဒပြ သံဃာတော်များနှင့် ဒေသခံများ မီးလောင်စုတ်ပြဲ ဒဏ်ရာများ ရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံ သတင်းထောက်များ ပေးပို့သော မှတ်တမ်း ဓာတ်ပုံများနှင့် ဆရာဝန် အချို့၏ မှတ်ချက်ပြု ပြောကြားချက်များ အရ သိရ ပါသည်။

ဆန္ဒပြ၊ သပိတ်မှောက်ခြင်း နည်းလမ်းဖြင့် အရာရာ ဖြေရှင်း၍ မရဘဲ တစ်ခါတစ်ရံ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး အဖုအထစ် မဖြစ်သွားစေရန် ယခင်အစိုးရလက်ထက်က ချုပ်ဆိုထားသော စာချုပ်စာတမ်းများကို တစ်ခါတရံ လူကြီးလူကောင်းဆန်စွာ လက်ခံ ရတတ်ပါသည်။ နောက်တစ်ချက် သိရှိ နားလည်ထားရမည့် အချက်မှာ တပ်မတော်မှ အရပ်ဘက်သို့ ကူးပြောင်း ထားသူများ၊ ယခင် အစိုးရ အဖွဲ့တွင်လည်း ပါဝင်ခဲ့သူများနှင့် ဖွဲ့စည်း ထားသည့် လက်ရှိ အရပ်သား အစိုးရသည် ယခင် တပ်မတော် အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများ အားလုံးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အမွေဆက်ခံရသည် ဆိုသောအချက် ဖြစ်ပါသည်။ ထို့ကြောင့် ယခင် အစိုးရ တာဝန်ရှိသူ တစ်ဖြစ်လဲ လက်ရှိ အစိုးရ အဖွဲ့ အတွင်းရှိသူများ ပါဝင် လက်မှတ်ထိုးခွင့် ပြုထားသည့် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို လက်ရှိ အစိုးရဘက်မှ မဖြစ်မနေ စာချုပ်စည်းမျဉ်း စည်းကမ်းများ အတိုင်း တရုတ် ကုမ္ပဏီကို ဆက်လက် လိုက်လျောရမည် ဆိုသည့် အချက်မှာလည်း နားလည် လက်ခံ၍ ရပါသည်။

အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်း ၅၀ ခန့် အချုပ်အချယ်၊ အကန့်အသတ်များစွာဖြင့် ဖြတ်သန်း လာခဲ့ရသော မြန်မာပြည်သူ လူထုသည် ဒီမိုကရေစီ အသွင်ပြောင်းကာလတွင် ယခင် မရခဲ့ဖူးသည့် မိမိတို့ သဘောဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်၊ ကန့်ကွက်၊ ဆန္ဒပြခွင့် ရရှိလာကြပါသည်။ ထို့ကြောင့် ရာစုနှစ် တစ်ခုခန့် အောင့်အည်း မျိုသိပ်လာသော ခံစားချက်များကို ဖွင့်အံသည့် အနေနှင့်သော်လည်းကောင်း၊ ဒီမိုကရေစီ အခြေခံရပိုင်ခွင့်များကို လက်တွေ့ကျင့်သုံးသည့် အနေနှင့်သော်လည်းကောင်း အရပ်သား အစိုးရသစ် လက်ထက်အတွင်း ဆန္ဒပြမှုပေါင်း များစွာဖြင့် စိတ်ထွက်ပေါက် ပေးခဲ့ကြပါသည်။ ထို့ကြောင့် ဒီမိုကရေစီ နည်းကျ မည်သို့သော ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုမျိုး မဆို ဒီမိုကရေစီ၏ အခြေခံ အလှတရား အဖြစ် ဆန္ဒပြသော ကိစ္စရပ်နှင့် ဆန္ဒပြခြင်းအပေါ် သဘောတူခြင်း၊ မတူခြင်း မည်သို့ပင်ရှိစေ အသိအမှတ်ပြုရ မည်ဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီစနစ်၏ အခြေခံ စရိုက် လက္ခဏာများဖြစ်သည့် ဆန္ဒပြမှုများကိုမူ ဒီမိုကရေစီနည်း ကျကျ ရင်ဆိုင် ဖြေရှင်းရန် အထူး အရေးကြီးလှပါသည်။

လက်ပန်းတောင်းတောင် စီမံကိန်းအား ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြသူများအပေါ် ယနေ့ နံနက်လင်းအားကြီး အချိန်မတော် ကာလတွင် ရဲတပ်ဖွဲ့ဝင်များက ရုတ်တရက် ဝင်ရောက် စီးနင်းကာ ပြင်းအားပြင်း ရေပိုက်ဖြင့် ထိုးခြင်း၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံး တို့ဖြင့် တိုက်ခိုက် ဖြိုခွင်းခဲ့ခြင်းသည် နိုင်ငံတကာက သတ်မှတ် ထားသော အဓိကရုဏ်း နှိမ်နင်းသည့် စည်းကမ်း ဥပဒေများကို လက်တစ်လုံးကြား ချိုးဖောက်ခြင်းဟု ဆိုနိုင်ပါသည်။ ကြိုတင် သတိပေးချက် ထုတ်ပြန်ထားသော်လည်း ပြင်းပြင်းထန်ထန် ပြန်လည်ခုခံသူများရှိမှသာ အသုံးပြုရမည့်နည်းလမ်းများဖြင့် အကြမ်းနည်းသုံး ဖြိုခွင်းခဲ့ခြင်းကမူ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ငြိမ်းချမ်းစွာဆောင်ရွက်နေသည်ဟု ကြွေးကြော်ထားသည့် နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့ တစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး လုပ်ငန်း စဉ်များကို အသိအမှတ်ပြု အားပေး ထောက်ခံ ခဲ့ကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း မထေမဲ့မြင် ပြုသကဲ့သို့ ဖြစ်သွား စေနိုင်ပါသည်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံ၊ အနှိမ်ခံဘဝမှ ရုန်းထွက်စ ဝမ်းသာ ကြည်နူးနေကြသော မြန်မာပြည်သူ လူထု တစ်ရပ်လုံး၏ မျှော်လင့်ချက်ကိုလည်း ဝေဝါး သွားစေနိုင်ပါသည်။

အာဏာရှိသူ များကို အကျိုးအမြတ် ပေး၍ ရင်းနှီး မြှုပ်နှံ အလုပ်လုပ်တတ်သော တရုတ် ကုမ္ပဏီများ၏ ထုံးစံအတိုင်း ဤသို့ အကြမ်းနည်းဖြင့် ဖြိုခွင်းလောက်သည်အထိ နောက်ကွယ် တွင် အာဏာပိုင်များ၏ ကိုယ်ပိုင် အကျိုးအမြတ် မည်မျှ ပါဝင်နေသနည်းဟု စောကြော မေးခွန်းထုတ်စရာ ဖြစ်သွားစေနိုင်ပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူမှုများတွင်ပင် သွေးအေးအေးဖြင့် စိတ်ရှည်လက်ရှည် ရှိခဲ့သော ရဲတပ်ဖွဲ့ဝင် များက ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင်မှ အဘယ်ကြောင့် အကြမ်းနည်းဖြင့် ဖြိုခွင်း ရပါ သနည်းဆိုသော မေးခွန်းကမူ အသံအကျယ်ဆုံး မေးခွန်း ဖြစ်လာနိုင်ပါသည်။

စနစ်ပြောင်း၊ လူမပြောင်း ဒီမိုကရေစီ အသွင်ပြောင်း ကာလတွင် ခေတ်နောက်ပြန် ဆွဲလိုသူများ၏ အခုအခံများ ကြီးစွာ ရှိနေသေးသည့် မြန်မာနိုင်ငံတွင် မည်သည့်အရေး ကိစ္စမဆို ပြည်သူလူထုနှင့် ပြုပြင် ပြောင်းလဲမှု လိုလားသော အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတို့အကြား အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက် ရှိရှိ ကြံစည် လုပ်ကိုင်ခြင်းမျိုး ရှိနိုင်ပါသည်။ အထူးသဖြင့် ကိုယ်ကျိုးစီးပွား သည်သာ အဓိက သဘောထား ရှိသူ အဆိုပါ ခေတ်နောက်ပြန် ဆွဲလိုသူများသည် လက်ရှိ အပြောင်းအလဲ များကြောင့် ၄င်းတို့၏ အကျိုးစီးပွားများ၊ ၄င်းတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းများ၊ ၄င်းတို့ အကျိုးအမြတ် ခံစားနေသည့်နယ်ပယ်များ၊ ၄င်းတို့ တန်ခိုးထွားသြဇာထက်ခဲ့သည့် လုပ်ပိုင်ခွင့်အာဏာများ တစ်နည်းအားဖြင့် ၄င်းတို့၏ တရားဝင်ဖြစ်တည်မှုတို့ ယုတ်လျော့သွားမည်ကို ၄င်းတို့ အသက်တမျှ အရေးကြီးသည်ဟု ခံယူထားတတ်ကြပါသည်။ ထို့ကြောင့် ဤသို့သော ဆန္ဒပြသူများဘက်မှ အကြမ်းဖက်မှုလုံးဝမရှိသည့်အခြေအနေတွင် ဤမျှအကြမ်းနည်းဖြင့် ဖြိုခွင်းခြင်းမှာ နောက်ပြန်ဆွဲလိုသူများက အာဏာကို လိုသည်ထက်ပိုသုံးခြင်းဖြင့် အခြေအနေပိုဆိုးသွားစေရန် ကြံစည် ခြင်းပေလောဟု မေးခွန်းထုတ်စရာရှိပါသည်။

မည်သို့ပင်ဖြစ်စေThe Voice Weekly အနေနှင့်မူ ဆန္ဒပြ ကန့်ကွက်သည့် အကြောင်းအရာကို သဘောတူခြင်း၊ မတူခြင်းထက် ဒီမိုကရေစီ နည်းကျ ဆန္ဒပြ ကန့်ကွက်ခြင်း အပေါ် မည်ကဲ့သို့သော အကြမ်းနည်းသုံး ဖြေရှင်းနည်း ကိုမျှ သဘောမတူ ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်ပြီး ဒီမိုကရေစီ နည်းကျ ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေးကိုသာ အားပေး ထောက်ခံပါကြောင်းနှင့် ဖြစ်ပေါ်ခဲ့သော အခြေအနေအရပ်ရပ်အတွက် ဤသို့ အကြမ်းနည်းသုံး ဖြိုခွင်းခဲ့သည့် တာဝန် ရှိသူများက မြန်မာပြည်သူ လူထုကို အမြန်ဆုံး ထုတ်ပြန် ရှင်းလင်းရန် လိုအပ်ပါကြောင်း အထူး တိုက်တွန်း လိုက်ရပေသည်။

အယ်ဒီတာ (၂၉-၁၁-၂၀၁၂)

No comments:

Post a Comment