Friday, December 21, 2012

မြန်မာနိုင်ငံနှင့် စစ်ဖက်ဆိုင်ရာ ပူးပေါင်းမှု မကြာမီ ပြုလုပ်ရန်ရှိဟု အမေရိကန် စစ်ဘက်ထိပ်တန်း အရာရှိတစ်ဦး ပြောကြား

မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းမှုကို မကြာမီ အချိန်အတွင်း ပြုလုပ်သွားနိုင်ရန်အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပင်တဂွန်မှ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိ တစ်ဦး၏ ပြောကြားမှုကိုကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် အားပေးထောက်ခံသည့် အနေဖြင့် နှစ်နိုင်ငံ အကြားဆက်ဆံရေးပိုမိုတိုးတက်မှုကို ပြသလိုသည့်အတွက် ယင်းကဲ့သို့ စစ်ရေးပူးပေါင်းမှုများကို မကြာမီ ပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အမည်မဖော်လိုသည့် မြန်မာ စစ်ဘက် အရာရှိတစ်ဦးကလည်း နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်မှုများနှင့်အတူ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ စစ်မြေပြင်ဆိုင်ရာ ဆေးဝါးကုသမှုလုပ်ငန်းများတွင် အမေရိကန်၏ အကူ အညီဖြင့် အပြောင်းအလဲများ လုပ်ဆောင်သွားဖွယ်ရှိကြောင်း အေအက်ဖ်ပီသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းမှုနှင့် ပတ်သက်ပြီး “အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ မကြာမီ စတင်နိုင်တော့မှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီလို လုပ်ဖို့ သေသေ ချာချာကို စေ့စေ့စပ်စပ် လေ့လာချိန်ထိုးမှုတွေ လုပ်နေသလို ဒီလိုပူးပေါင်းမှုဟာ နှစ်နိုင်ငံအတွက် အမှန် တကယ် ရလဒ်ကောင်းတွေ အလားအလာကောင်းတွေအပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွေမှာ အဖက်ဖက်က တိုးတက်မှုတွေလည်း ရှိနေချင်ပါတယ်။ လက်ရှိအခြေအနေကတော့ ဒါက စိတ်ဝင် စားစရာ ကောင်းပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားမှာဖြစ်ပြီး မကြာမီမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ စစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို တွေ့မြင်ရတော့မှာပါ” ဟု အမေရိကန် ထိပ်တန်းစစ်ဘက်အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ပထမအဆုံးအကြိမ် လာရောက်သည့် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းမှု ပိုမိုအဆင်ပြေ ချောမွေ့လာခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့် အိမ်နီးချင်း မြန်မာနိုင်ငံအနေဖြင့်လည်း သမ္မတအိုဘားမား အစိုးရ၏ အာရှ-ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာ အပြောင်းအလဲတွင် အရေးပါသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ သည်ဟု သုံးသပ်မှုများလည်း ရှိပါသည်။ မြန်မာနိုင်ငံအား ၂၀၁၃ တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် အမေရိကန်နှင့် အာရှမိတ်ဖက် နိုင်ငံများ ပူးတွဲပြုလုပ်ရန်ရှိသည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ဆန္ဒရှိကြောင်း အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။ 
EMG FB CP

No comments:

Post a Comment