Wednesday, January 9, 2013

KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ရှမ်းနီပါတီ၏ သဘောထားထုတ်ပြန်ချက်အား အပြည့်အ၀ထောက်ခံပါသည်


ကချင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော ရှမ်းနီလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် KIA အဖွဲ့အပေါ်သဘောထား ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ၄င်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

  ယခုအချိန်တွင် တပ်မတော်နှင့် ကေအိုင်အို၊ ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားနေ သည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပါသည်။ ထိုစစ်ပွဲများကြောင့် ဒေသခံရှမ်း၊ ကချင်ပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိနေပါသည်။ မိမိတို့၏ ကျေးရွာ၊ အိုးအိမ်များကို စွန့်ပစ်၍ လုံခြုံမှုရှိရာ ဒေသများတွင် ဖြစ်သလိုနေထိုင် စားသောက်ကြရပါသည်။ ကေအိုင်အေ တပ်ဖွဲ့ဝင်များသည် မီးရထား လမ်းတံတားများကို ဖေါက်ခွဲဖျက်ဆီးခြင်း၊ ရှမ်းနီလူမျိုးများထံမှ ဆက်ကြေးများကောက်ခံခြင်း၊ စစ်သားများ အဖြစ် အဓမ္မစုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ တပ်မတော်မှ ရှမ်းရွာသားများ အပေါ်အထင်အမြင် လွဲမှားစေရန် ရှမ်းရွာများအနီး မိုင်းထောင်ဖေါက်ခွဲခြင်း၊ ရှမ်းအမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း စသည်ဖြင့် အနိုင်ကျင့်နှိပ်စက်လျှက် ရှိပါသည်။

ဤဒေသအတွင်းရှိ ရှမ်းနီပြည်သူများသည် မိမိတို့အပေါ် လူ့အခွင့်ရေးချိုးဖေါက်၍ အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက်နေသော ကေအိုင်အေတို့၏ အပြုအမူများအား စက်ဆုပ်ရွံရှာနေကြပြီ ဖြစ်ပါသည်။ ထို့ပြင် စစ်ပွဲများ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး အလျင်အမြန်ရရှိရန်သာ ဆန္ဒပြင်းပြနေကြပါသည်။ သို့ဖြစ်ပါ၍ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။
(၁) ဤဒေသအတွင်း နေထိုင်ကြသော တိုင်းရင်းသားများ အချင်းချင်း တစ်ဦးအပေါ်တစ်ဦး လူညွန့်ခူး ခေါင်းပုံဖြတ်ခြင်းကို လက်မခံပါ။
(၂)     လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးသော မည်သည့်အဖွဲ့အစည်း၏ လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချသည်။
(၃)     ကချင်ပြည်နယ်အတွင်း စစ်ပွဲများ အမြန်ဆုံးရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးကြရန် တောင်းဆိုသည်။
(၄) ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဒေသခံရှမ်းနီပြည်သူများ၏ ပူးပေါင်းမှု မရရှိပါက အောင်မြင်နိုင်မည်မဟုတ်ဟု ယုံကြည်ကြသည်။
          ရှမ်းနီပါတီမှ ထုတ်ပြန်ချက်များသည် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းလူမျိုးများအား KIA အဖွဲ့မှ အနိုင်ကျင့်ဗိုလ်ကျနေသော လက်တွေ့အမှန်ဆုံး အချက်များပင်ဖြစ်သည်။ KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ ကချင်လူမျိုးများမှအပ ကျန်လူမျိုးများအား ခွဲခြားဆက်ဆံပြီး ကချင်လူမျိုးကြီး ၀ါဒကို စွဲကိုင်ထားသည်။ စစ်ပွဲကာလ တစ်လျှောက်လုံး ရှမ်းလူမျိုးများအား အတင်းဖမ်းဆီးပြီး လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး ငွေများကို အခြားကချင်ရွာများထက် တိုးမြှင့်ကောက်ခံခြင်း၊ ရှမ်းစစ်သား သစ်များအား ရှေ့တန်း စခန်းများတွင် လူသားတံတိုင်းအဖြစ် အသုံးချခြင်း၊ ရှမ်းမိန်းမပျိုလေးများအား မုဒိန်းကျင့်ခြင်းစသော အကြမ်းဖက် လုပ်ရပ်များကို  ဆောင်ရွက်ခဲ့ပါသည်။
          ရှမ်းလူမျိုးများ အမှန်တကယ် ကြုံတွေ့နေရသော ခံစားအချက်များကို ရှမ်းနီပါတီမှ ထုတ်ပြန် ကြေငြာခဲ့ခြင်းပင် ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို အချင်းချင်း ခွဲခြားဆက်ဆံခံနေရသည်။ သားပျို/သမီးပျိုများ ပန်းကောင်း အညွန့်ချိုးဖြစ်ခဲ့ရသည်။ အသက်များ တန်ဘိုးမရှိ အသေခံနေရသည်။ ရှာဖွေသမျှ စီးပွားဥစ္စာများလည်း ပေးအပ်ရသည်။ ထိုကဲ့သို့ ယုတ်မာ ရိုင်းစိုင်းသော KIA အဖွဲ့အစည်းအပေါ် ရှမ်းနီပါတီမှ ပြတ်သားသော ထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး သဘောထား ဖော်ပြခဲ့ခြင်းအား ရှမ်းနီလူမျိုးအားလုံးမှ တစ်ခဲနက် ထောက်ခံကြောင်း တင်ပြလိုက်ရပါသည်။ 
 ရှမ်းနီလူငယ်တစ်ဦး

No comments:

Post a Comment