Wednesday, January 30, 2013

ပုဒ်မ ၁၇ (၁) ရှိနေသောကြောင့် ကရင်တိုင်းရင်းသား ညီလာခံ မကျင်းပနိုင်ဘဲ ကရင်တိုင်းရင်းသားများ တိုင်ပင်နှီးနှောပွဲသာ ဖြစ်လာနိုင်ဟု KNU ခေါင်းဆောင်ပြောကြား

မတရားအသင်းနှင့် ဆက်သွယ်သည်ဟူသည့် ပုဒ်မ ၁၇ (၁) ရှိနေသောကြောင့် ကရင်တိုင်းရင်းသား ညီလာခံ မကျင်းပနိုင်ဘဲ ကရင်တိုင်းရင်းသားများ တိုင်ပင်နှီးနှောပွဲသာ ဖြစ်လာနိုင်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ကြောင်း ကရင်အမျိုးသား သတင်းဌာနဗဟို (KIC) တွင် ဇန်န၀ါရီ လ ၂၉ ရက်နေ့က ဖော်ပြခဲ့သည်။

ဇန်န၀ါရီလ ၂၇ ရက်နေ့က Myanmar Peace Center တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီ လကုန်တွင် ကရင်ပြည်နယ်၌ ကရင်တိုင်းရင်းသား ညီလာခံ ကျင်းပမည်ဟု ပြောကြားခဲ့ခြင်းအပေါ် KNU အထွေထွေ အတွင်းရေးမှူးက ပြန်လည်တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက “ကရင်တိုင်းရင်းသား ညီလာခံလုပ်ဖို့ အစီအစဉ် မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ ဘာမှမကြားမိသေးဘူး။ ညီလာခံလို့တော့ မဟုတ်ဘူးထင်တယ်။ တိုင်ပင်နှီးနှောပွဲတွေ ဖြစ်မှာပါ။ ညီလာခံကြီးကို လုပ်မယ်ဆိုတာက ဘယ်အချိန်မှာ ကျင်းပမယ်။ ဘယ်သူတွေ ပါဝင်မယ်။ ဘယ်လို ကျင်းပမယ် ဆိုတာကိုတော့ စဉ်းစားထားတာ ရှိတာပေါ့။ ဒါပေမယ့် လာမယ့်လမှာတော့ မဟုတ်သေးပါဘူး” ဟု ပြောကြားခဲ့ကြောင်း KIC သတင်းဌာနတွင် ဖော်ပြထားသည်။
သို့ရာတွင် ဇန်န၀ါရီလ အစောပိုင်းက KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ခေါင်းဆောင်သည့် KNU ခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်က ကရင်တစ်မျိုးသားလုံး၏ အနာဂတ် ရှေ့ရေးအတွက် ကရင်တစ်မျိုးသားလုံး ညီလာခံတစ်ရပ် လုပ်သင့်ကြောင်း တိုင်ပင်ဆွေးနွေး ခဲ့သည်ဟု သိရသည်။
“နှစ်ပေါင်း ၆၀ အတွင်းမှာ ပြန်ခြုံကြည့်မယ်ဆိုရင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး ရည်မှန်းချက် အမျိုးသားရေး ရည်မှန်းချက် အားလုံး ပြန်ပြီးတော့ ဆွေးနွေးရအုံးမယ်။ နောက် ကရင်တွေကလည်း ပြန့်နေတယ်။ ပြည်တွင်းမှာရှိတဲ့ ကရင်ဆိုရင် ပုဒ်မ ၁၇ (၁) မတရားအသင်းနဲ့ ဆက်နွယ်နေတယ် ဆိုပြီး ဘယ်လိုညီလာခံမှ လုပ်လို့ရသေးမှာ မဟုတ်ဘူး” ဟု ဖဒိုစောကွယ်ထူးဝင်းက ဆက်လက် ပြောကြားခဲ့သည်။
အလားတူ KNU အဖွဲ့ခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား တွေ့ဆုံမှု ပြုလုပ်အပြီး ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကရင်တိုင်းရင်းသား အားလုံးပါဝင်သည့် ညီလာခံကြီးတစ်ရပ် အမြန်ဆုံး ပြုလုပ်ချင်ကြောင်း ပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်ကလည်း KNU သည် ကရင်တစ်မျိုးသားလုံး ညီလာခံကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မြန်မာအစိုးရနှင့် KNU အကြား ပဏာမ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့မှုကြောင့် အထမမြောက်ခဲ့ကြောင်း သိရသည်။
နှစ်ပေါင်း ၆၀ ကျော်အတွင်း ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မြန်မာအစိုးရ အဖွဲ့တို့အကြား ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူညီချက် ငါးချက်ကို ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၁၂ ရက်က ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင် ဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖော်နိုင်ရန် အတွက် KNU ခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင် မတ်လအတွင်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး၏ ပြောကြားချက်အရ သိရသည်။
EMG

No comments:

Post a Comment