Wednesday, February 6, 2013

အန်ဒီအက်ဖ်အမတ်ကို ဒုဝန်ကြီးအဖြစ် ခန့်အပ်


ဒီဗွီဘီ - ၀၆ ဖေဖော်ဝါရီ ၂၀၁၃
Photo: ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆွယ်နေတဲ့ NDF ပါတီ အမတ်လောင်း ဒေါက်တာ တင်ရွှေ

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်ရွှေကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဒုဝန်ကြီးအဖြစ် သမ္မတက ခန့်အပ်လိုက်ပါတယ်။


ဒေါက်တာ တင်ရွှေဟာ အရင်က ဘာသာရေးလုပ်ငန်းတွေမှာသာပါဝင်ဆောင်ရွက်ခဲ့ဖူးပြီး ပါတီနိုင်ငံ ရေးလောကမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကာလမှာ အန်ဒီအက်ဖ်ပါတီကို ၀င်ရောက်ကာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့တာပါ။

အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ ဆရာဝန်ကြီး ဒေါက်တာ တင်ရွှေ ခုလို ၀န်ကြီးအဖြစ် ရွေးချယ်ခံရတဲ့အတွက် ပါတီနဲ့ ပိုဝေးသွားပြီလို့ ပြောပါတယ်။

“သူက ဗဟိုဦးစီးအဖွဲ့ဝင်ဆိုပေမယ့် ခက်တာက ကျနော်တို့က ၆ လတခါ၊ ၇ လတခါ ဗဟိုဦးစီးအဖွဲ့ဝင်တွေ အစည်းအဝေးခေါ်တဲ့ အခါလောက်ပဲ သူလာနိုင်တယ်လေ။ ကျန်တာကတော့ သူလွှတ်တော်မှာပဲ အလုပ်ရှုပ်နေတယ်။ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာလည်း ထဲထဲဝင်ဝင် လုပ်နိုင်တဲ့ အနေအထားမရှိပါဘူး။ လွှတ်တော်တာဝန်တွေကလည်း များတာကိုး။ ၀န်ကြီးဖြစ်သွားရင် ပါတီနဲ့ တော်တော်ကို စည်းခြားသွားပြီပေါ့ဗျာ။ ၀န်ကြီးက ပါတီအလုပ်ကို လုပ်လို့ မရတော့ဘူး။”

သမ္မတ ဦးသိန်းစိန်က စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးအောင်ထူး၊ သတ္တုတွင်းဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးသန်းထွန်းအောင်၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဒေါ်ဝင်းမော်ထွန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဒေါက်တာဇော်မင်းအောင် နဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဒေါက်တာတင်ရွှေတို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့စွဲနဲ့ ခန့်အပ်ခဲ့တာပါ။


No comments:

Post a Comment