Friday, February 15, 2013

ကရင်မိန်းကလေးနှင့်အလုပ်သမားဝန်ကြီးဌာနမှ မြန်မာအစိုးရ စေလွှတ် လိုက်သော ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ တွေ့ဆုံ

ထိုင်းအလုပ်ရှင် လင်မယား၏ ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးငယ်ကို စောင့်ရှောက်ထားသည့် ကယ်ဆယ်ရေးဂေဟာသို့ မြန်မာအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းနှင့် အဖွဲ့ ယနေ့ နေ့လည်ပိုင်းတွင် ရောက်ရှိသည်။


၎င်းအဖွဲ့သည် ကမ်မယ်ဖစ်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဂေဟာ အကြီးအကဲ မစ္စတာ ထနဝပ်ဆထစ်နှင့် တွေ့ဆုံပြီး ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များကို မေးမြန်းသည်။

၎င်းနောက် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် နိုင်ငံတော်အစိုးရမှ ပေးအပ်လိုက်သည့် ဘတ်နှစ်သောင်းနှင့် မြန်မာနိုင်ငံသားများ ထည့်ဝင်မှုဖြင့် ဘန်ကောက်သံရုံးမှ ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရန်ပုံငွေမှ ဘတ်ငါးထောင်၊ စုစုပေါင်း ဘတ် နှစ်သောင်းခွဲကို ကာယကံရှင်ထံ ပေးအပ်ကြသည်။

မစ္စတာ ထနဝပ်ဆထစ်၏ ပြောကြားချက်အရ ကရင်မိန်းကလေးငယ်အတွက် ထိုင်းနိုင်ငံမှ ထိုင်းဘုရင့်ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ တရားရေးဌာန၊ တစ်သီးပုဂ္ဂလများ အပါအဝင် လှူဒါန်းလျက် ရှိရာ ယမန်နေ့ကအထိ ထိုင်းဘက်မှ ပေးအပ်လှူဒါန်းငွေ စုစုပေါင်း (၅၇၁၆၀)ဘတ် ရှိပြီ ဖြစ်ကြောင်း၊ ယင်းတို့ကို ဂေဟာမှ တာဝန်ရှိသူ(၃)ဦး ပူးတွဲအကောင့်ဖြင့် ဘဏ်စာရင်း ဖွင့်လှစ်ထားကြောင်း၊ မြန်မာနိုင်ငံမှ လှူဒါန်းမှုများကိုလည်း ယင်ဘဏ်စာရင်း သို့ ထည့်သွင်းသွားမည် ဖြစ်ကြောင်း၊ ယင်းစုဆောင်းငွေကို ယင်း၏မိဘများ အား ထောက်ပံ့ခြင်း၊ အနာဂတ်တွင် လိုအပ်သည်များ အသုံးပြုခြင်း စသည်တို့ အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းအစိုးရအနေဖြင့် အရေပြားအစားထိုးသည့် ပလပ်စတစ်ဆာဂျရီအပါအဝင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ရမည့် ကရင်အမျိုးသမီးငယ်ကလေးအား ပုံမှန်ပြန်ဖြစ်သည် အထိ ကုန်ကျစရိတ်များကို ကျခံပေးသွားမည် ဖြစ်သည့်အပြင် ဆေးရုံမှ ဆင်းပါက တရားဝင်အခမဲ့ပညာသင်ကြားခွင့် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းလင်မယားအား ဖြားယောင်းမှု၊ မတရား ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ အသက် ၁၅ နှစ်အောက် ကလေးငယ်ကို လူကုန်ကူးမှု၊ တရားမ၀င်အလုပ်သမားလက်ခံမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများဖြင့် အမှုဖွင့်ထားပြီး ထိုင်းလင်မယားအား အာမခံပေးထားကြောင်း သိရှိရသည့်အတွက် မြန်မာနိုင်ငံအစိုးရမှ စေလွှတ်လိုက်သော ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် ဆက်လက်၍ ကမ်မယ်ဖစ်ပြည်နယ် အလုပ်သမားရုံး၊ ရဲဌာနများသို့ ဆက်လက်သွားရောက်ပြီး ကာယကံရှင် ထိုင်းလင်မယားအား ဥပဒေအရ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို မေးမြန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ညှိနှိုင်းရေးအဖွဲ့ အဆိုပါဂေဟာသို့ ရောက်ရှိသွားချိန်တွင် ထိုင်းနိုင်ငံမှ သတင်းထောက်အများအပြား ရောက်ရှိလျက် ရှိရာ ညှိနှိုင်းရေးအဖွဲ့က နို်င်ငံတော်သမ္မတကြီးကိုယ်တိုင် အထူး အလေးထားလျက်ရှိကာ မိမိတို့အား တာဝန်ပေးအပ်ချက်အရ လာရောက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
မှူးဇော် Facebook မှ

No comments:

Post a Comment