Saturday, March 30, 2013

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် အပါအပင် မြို့နယ် ၁၅ မြို့နယ်၌ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

မိတ္ထီလာပဋိပက္ခဖြစ်စဉ် အပါအပင် မြို့နယ် ၁၅ မြို့နယ်၌ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ် ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရသည်။နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၃ ကို မတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။မတ်လ ၂၀ ရက်မှ မတ်လ ၂၉ ရက်နေ့အထိ မြို့နယ် ၁၅ မြို့နယ်တွင် လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းသို့ လူစုလူဝေးဖြင့် အကြမ်းဖက်မှုများ၊ မီးရှို့မှုများ၊ ဖျက်စီးမှုများကြောင့် အဆောက်အဦ ၁၃၅၅ လုံး၊ ယာဉ်မျိုးစုံ ၃၉ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း နှင့် လူဦးရေ ၁၁၃၇၆ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေး စခန်း ၆ ခုတွင် လူဦးရေ ၉၀၆၅ ဦးကို စောင့်ရှောက်ထားကြောင်း သိရသည်။
ထို့ပြင် ပြစ်မှုကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်းနှင့် သတင်းထုတ်ပြန်ချက်တွင် အများဆုံး ဖြစ်ပွားခဲ့သည့် ပြစ်မှု ၁၇ မျိုးနဲ့ကို ဖော်ပြထားပြီး သတင်းထုတ်ပြန်ချက် အပြည့်အစုံကို မတ်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။
''အုပ်ချုပ်ရေး တာဝန်ရှိသူများက လူစုခွဲခိုင်းလို့ လူစုမခွဲဘူးဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ အရ မြို့ပြအင်အားကို အသုံးပြုပြီး လူစုခွဲနိုင်ကြောင်း၊ ထိုသို့ လူစုခွဲရာတွင် လက်နက်ကိုင် မဟုတ်သူများကိုလည်း အကူအညီ တောင်းခံနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုက ပါဝင်ကူညီရန် လိုကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်” ဟု ဦးရဲထွဋ်၏ Facebook စာမျက်နှာ တွင် ရေးသားထားသည်။
From......Eleven

No comments:

Post a Comment