Saturday, March 30, 2013

ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး နယ်မြေလုံခြုံရေးအရ ၅ ဦးကို အာမခံဖြင့် လွှတ်ပေးထား

မတ်လ ၂၃ရက်နေ့ ညပိုင်း မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအားဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမြင့်က မတ်လ ၂၉ ရက် ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။မင်းလှမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးဆောင်သူ ၅ ဦးကို နယ်မြေလုံခြုံရေးအရ အာမခံဖြင့် ပြန် လွှတ်ပေးထား ရကြောင်း ဒုတိယရဲမှူးကြီး လှမြင့်က အတည်ပြု ပြောကြားခဲ့သည်။
မတ်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပဲခူးတိုင်း ဒေသကြီး သာယာဝတီ ခရိုင်အတွင်း ဖြစ်ပွားခဲ့သော အဆောက်အဦ နေအိမ်များ ဖျက်ဆီးမှုတွင် ဦးဆောင်ခဲ့သူ ဇီးကုန်းမြို့နယ်မှ ၁၀ဦး၊ မင်းလှ မြို့နယ်မှ ၅ ဦး၊ မိုးညိုမြို့နယ်မှ ၂ ဦး၊ နတ္တလင်းမြို့နယ်မှ ၂ ဦး စုစုပေါင်း ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး မတ်လ ၂၈ ရက်တွင် မင်းလှ မြို့၌ လက်နက်ကိုင်ဆောင်ထားသူ တစ်ဦးအား ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
"အဓိက ဖမ်းဆီးထားတဲ့ သူတွေက အဆောက်အဦတွေကို ဖျက်ဆီးတဲ့နေရာမှာ ဦးဆောင် သူတွေ ဖြစ် တယ်။ သူတို့ရဲ့ ကွင်းဆက်အနေနဲ့ ဘာတွေရှိလဲ ပြီးတော့ သူတို့ရဲ့ နောက်ကွယ်မှာရှိတဲ့ သူတွေကို ထပ်မံဖမ်းဆီးနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်။ မင်းလှမြို့နယ်က လူငါးဦးကို လွှတ်ပေးခဲ့ရ တာက လည်း ဒေသခံတွေက သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အတွက် နယ်မြေလုံခြုံရေးအရ အာမခံနဲ့ လွှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ သူတို့ငါးဦးကို ဖြစ်စဉ်အပေါ် မူတည်ပြီး ပြန်လည် ဖမ်းဆီးသွားမှာပါ" ဟု ဒုတိယရဲမှူးကြီး ဦးလှမြင့်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင်အတွင်း ကြိုပင်ကောက်၊ ဇီးကုန်း၊ အုတ်ဖို၊ နတ္တလင်း၊ မင်းလှ မြို့နယ်၊ ပုတီးကုန်း၊ မိုးညို၊ အင်းမနှင့် အိုးသည်ကုန်း စသည့် မြို့များသည် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ အဓိက ဒေသများ ဖြစ်ပြီး အဆိုပါ ဒေသများသည် မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး တည်ငြိမ်မှု ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။
From....Eleven

No comments:

Post a Comment