Monday, March 11, 2013

နယူးဒေလီမုဒိမ်းမှုတွင် အဓိကသံသယရှိသူ ရမ်ဆင်း အကျဉ်းထောင်အတွင်း ကြိုးဆွဲချသေဆုံး


အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ဖြစ်ပွားခဲ့သော အသက်၂၃ နှစ် အရွယ် ဆေးကျောင်းသူ တစ်ဦးအား ဘတ်စ်ကား တစ်စီးပေါ်၌ အသက်သေစေသည်အထိ အုပ်စုဖွဲ့ ရိုက်နှက် မုဒိမ်းကျင့်မှုတွင် အဓိကသံသယရှိသူ ရမ်ဆင်းကို မတ် ၁၁ ရက်တွင် အကျဉ်းခန်းအတွင်း၌ ကြိုးဆွဲချ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။


ဆင်းသည် သူ၏အ၀တ်များကို ကြိုးကွင်းအဖြစ် ချည်နှောင်၍ သစ်သားထိုင်ခုံ တစ်လုံးနှင့် မျက်နှာကျက်အား အသုံးပြုကာ ကြိုးဆွဲချခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် တီဟာအကျဉ်းထောင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆင်း၏ရှေ့နေ ဗွီကေအာနန်ကမူ ယင်းသည် မိမိကိုယ်ကိုမိမိ အဆုံးစီရင်မှု မဟုတ်ဘဲ လူသတ်မှု ဖြစ်ကြောင်း ရဲတပ်ဖွဲ့အနေဖြင့် ယင်းအား လူသတ်မှုအဖြစ် အမှုဖွင့် စစ်ဆေးသင့်ကြောင်း ပြောကြားခဲ့သည်။ အစောပိုင်းကလည်း ယင်းနယူးဒေလီ မုဒိမ်းမှုတွင် သံသယရှိသူများ၏ ရှေ့နေများက သူတို့၏ အမှုသည်များ တိုက်ခိုက်ခံနေရကြောင်း ထွက်ဆိုခဲ့ကြသည်။

ဆင်းသေဆုံးမှုက သေဆုံးသူ ဆေးကျောင်းသူ မိသားစု၏ အမျက်ဒေါသကို မြင့်တက်စေခဲ့သည်။ ယင်းဆေးကျောင်းသူ၏ မိဘများက ၎င်းပြစ်မှု ကျူးလွန်သူများကို သေဒဏ်စီရင်ရန် တောင်းဆိုလျက်ရှိသည်။

ဆင်း သေဆုံးခဲ့သော်လည်း ယင်းအမှုကိုမူ ဆက်လက်ကြားနာ စစ်ဆေးသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆင်းသည် ၎င်းမုဒိမ်းမှုတွင် ပတ်သက်ခဲ့သည့် အဖြူရောင် ပုဂ္ဂလိက ဘတ်စ်ကား၏ ယာဉ်မောင်း ဖြစ်ပြီး အဆိုပါ မုဒိမ်းမှုတွင် လူသတ်မှု၊ မုဒိမ်းမှုနှင့် ပြန်ပေးဆွဲမှု စွဲချက်များဖြင့် သေဒဏ်ချမှတ် ခံရဖွယ်ရှိသော အမျိုးသားငါးဦးတွင် အဓိက ဦးဆောင်သူအဖြစ် ရဲတပ်ဖွဲ့က သံသယရှိသည်။

ဆင်းကို နယူးဒေလီမြို့ရှိ တီဟာအကျဉ်းထောင်တွင် လုံခြုံရေး တင်းကျပ်စွာ ထိန်းသိမ်းထားခဲ့ပြီး တရားရုံး၏ စစ်ဆေးကြားနာမှုများတွင် ပုံမှန်တွေ့ရှိခဲ့ရသည်။

အသက် ၁၇ နှစ်အရွယ် ခြောက်ဦးမြောက် သံသယရှိသူကိုမူ လူငယ်တရားရုံးတွင် သီးခြားစစ်ဆေး လျက်ရှိကြောင်း သိရသည်။

Ref:AFP
EMG

No comments:

Post a Comment