Friday, April 5, 2013

နေပြည်တော်အနီးတစ်ဝိုက်ကို ဗဟိုပြု၍ နှစ်ရက်အတွင်း အင်အားအသင့်အတင့်ရှိ ငလျင်သုံးကြိမ်လှုပ်ခတ်

နေပြည်တော် အနီးတစ်ဝိုက်ကို ဗဟိုပြု၍ ဧပြီလ ၃ရက် ညပိုင်းကတစ်ကြိမ်၊ဧပြီ ၄ရက်နေ့ နံနက်တွင် တစ်ကြိမ်၊ ဧပြီ ၄ရက်နေ့ ညပိုင်းတွင်တစ်ကြိမ် စုစုပေါင်း ငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဧပြီလ (၄)ရက်ည ၉နာရီ ၄၅မိနစ်ဝန်းကျင်က နေပြည်တော်၏ အနောက်တောင်ဘက် မိုင်(၄၀)ခန့် အကွာ၊ မန္တလေးမြေငလျင် စခန်းမှ တောင်-အနောက်တောင်ဘက် မိုင်(၁၈၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး (၅.၄)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းမြေငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ ပေါင်းတည်မြို့နယ် ဒေသခံတစ်ဦးက “ ငလျင်လှုပ်တယ်ဆိုတာ ကိုတော့ ခံစားရပါတယ်။ခဏလေးပါ။ ငလျင်ကြောင့် အပျက်အစီးမရှိပါဘူး”ဟု Eleven Media Group သို့ ပြောကြားခဲ့သည်။

ဧပြီလ ၃ ရက်၊မြန်မာစံတော်ချိန် ည ၁၁ နာရီ ၅ မိနစ် ၄၈ စက္ကန့် အချိန်ကလည်း မန္တလေးမြေငလျင် စခန်းမှ တောင်-အနောက်တောင်ဘက် ၄၉ မိုင်ခန့် အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒဿမ ၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ငလျင်လှုပ်ခတ် မှုကို ပြည်၊အောင်လံ၊ သရက်၊နေပြည်တော်၊ ပျဉ်မနားနှင့် အနီးတဝိုက်ဒေသများတွင် သိသိသာသာ ခံစားခဲ့ရကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု၊ဒဏ်ရာရသေဆုံးမှု မရှိကြောင်း သိရသည်။

ဧပြီလ (၄)ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်ကလည်း မန္တလေး မြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၈၅ မိုင်ခန့်အကွာကို ဗဟိုပြု- အင်အားရစ်ခ်ျတာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
From...Sa Maung facebook

No comments:

Post a Comment