Tuesday, April 30, 2013

နယ်စပ်ဖြတ်ခရီးသည်တွေကို မြ၀တီမှာ တပတ်ဗီဇာပေးမယ်

မကြာသေးခင်က မြ၀တီ-မဲဆောက်ဒေသမှာ တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ် နဲ့ အရာရှိများ
(ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
 
နယ်စပ်ဖြတ်ဝင်ရောက်မယ့်  နိုင်ငံခြားသားခရီးသွားတွေကို ဗီဇာ တပတ်ပေးတော့ မယ်လို့ မြ၀တီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတဦးကပြောပါတယ်။

ဒီအစီအစဉ်ကို မေလထဲမှာ အစပြုမယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။

”ဒီကိစ္စကိုအမြန်ဆုံးဖြစ်အောင် ကရင်ပြည်နယ်အစိုးရကလည်း စီစဉ်နေပါတယ်။ အမှန်က ပြီးခဲ့တဲ့လက စပေးဖို့ပါပဲ။  လုံခြုံရေးနဲ့ ငွေလဲမဲ့ကိစ္စတွေ မပြီးသေးလို့”

မြ၀တီခရိုင်လ၀ကအဖွဲ့ကတော့ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို အရင်လ ကစပြီး  မိခင်ဝန်ကြီးဌာနရဲ့အမိန့်ရတဲ့အတွက် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးကတော့ တပတ်ဗီဇာပေးမှာကတော့ ဟုတ်ပါတယ်။ ဘယ်တော့ ဒီအစီအစဉ်အစပြုမယ် ဆိုတဲ့ ရက်အတိအကျကိုတော့ ၀န်ကြီးချုပ်ကိုယ်တိုင်တောင် မပြောနိုင်သေးဘူးလို့ သိရတဲ့အကြောင်း ဧရာဝတီသတင်းဌာန http://blog.irrawaddy.org/ ကို ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဘယ်ဒေသတွေ သွားလာခွင့် ရမလဲ


မြ၀တီကနေ တပတ်ဗီဇာနဲ့ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေအနေနဲ့ ဘားအံ၊ မော်လမြိုင်၊ ကျိုက်ထိုမြို့တွေက  အထင်ကရနေရာတွေကို သွားရောက် လည်ပတ်ခွင့်ရှိမယ်၊ ပြီးတော့ သတ်မှတ် ထားတဲ့ရက်အတွင်း နယ်စပ်မြ၀တီကနေဘဲ ပြန်လည်ထွက်ခွာရမယ်ဆိုတဲ့  အနေအထားလောက်ပဲ သိရှိထားတယ်လို့ မြ၀တီက လ၀က အရာရှိတဦးက ဆိုပါ တယ်။

မဲဆောက်က နိုင်ငံတကာ NGO တခုမှာ လုပ်နေတဲ့ အမေရိကန်နိုင်ငံသား မစ္စတာဒေးဗစ်က ”နိုင်ငံခြား သားတွေကို မြ၀တီနယ်စပ်ကနေ ၀င်ခွင့်ပြုပြီး ရန်ကုန်ကနေတဆင့် နိုင်ငံတကာကို ဆက်လက် ထွက် ခွာနိုင်မဲ့ အစီအစဉ်တွေကို ၀န်ဆောင်မှု ပေးနိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွက် အတော်လေးကို အကျိုး ရှိလာမယ်" လို့ သုံးသပ်ပါတယ်။

ထိုင်းတို့ရဲ့ တုံ့ပြန်မှု


ထိုင်းနိုင်ငံဘက်ကတော့ ဒီအစီအစဉ်ကမြန်မာဘက်မှာပဲ မူတည်တယ် လို့ ဆိုပါတယ်။

မြန်မာဘက်က တပတ်စာဗီဇာပေးတာနဲ့ တပြိုင်နက် ထိုင်းဘက်ကလည်း ၀င်လာမဲ့လူတွေကို အလားတူ လက်ခံဖို့ အသင့်ရှိပါတယ်လို့ တာ့ခ်ခရိုင်အုပ်ချုပ် ရေးအဖွဲ့ဝင်အရာရှိတဦးက ဆိုပါတယ်။

ထိုင်းခရီးသွားလုပ်ငန်းတွေအပြင် ထိုင်းနိုင်ငံသား အများအပြားကတော့ မြန်မာဘက်ကပေးမဲ့ တပတ်စာ ဗီဇာကို အတော်လေး စိတ်ဝင်စားနေကြတာပါ။

ရှားရှားပါးပါးအခွင့်အရေးတရပ်လို့တောင် ပြောဆိုနေကြပါတယ်။

သူတို့စိတ်ဝင် စားတဲ့အထဲမှာ ကျိုက်ထီးရိုးဘုရား၊ ထိုင်းတွေနဲ့ရာဇ၀င်နွယ်ခဲ့ကြတယ်လို့ ဆိုကြ တဲ့ မော်လမြိုင်က ကျိုက်သံလန်ဘုရား(ရှမ်းသံလန်)နဲ့ မော်လမြိုင်တဘက်ကမ်းက မုတ္တမမြို့အပါအ၀င် ကျိုက်က္ခမီနဲ့စက်စဲပင်လယ်ကမ်းခြေတွေလည်း ပါတယ်လို့ ဆိုကြပါတယ်။

မကြာခင်မြန်မာဘက်ကဖွင့်မယ့် နယ်စပ်ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ထိုင်းဘက်ခြမ်း မဲဆောက် မှာတော့ ကြိုတင် ပြင်ဆင်မှုတွေဖြစ်တဲ့ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင် လာပြီး ဘန်ကောက်-မဲဆောက်နဲ့ ချင်းမိုင်ကိုပြေးဆွဲမဲ့ မော်တော်ယာဉ်လိုင်းတွေနဲ့ လေကြောင်းလိုင်းတွေကိုပါ တိုးချဲ့ထားပြီးဖြစ်တယ်လို့ တာ့ခ်ခရိုင် ခရီးသွားလုပ်ငန်းက လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဒီကနေ့အထိတော့ မြန်မာနိုင်ငံကို အလယ်အပတ်သွားကြတဲ့ ထိုင်းနိုင်ငံသားတွေဟာ ဘန်ကောက်ကနေ တဆင့် ရန်ကုန်ကို လေကြောင်းလိုင်းကနေပဲ သွားနေကြရတာပါ။

ဒီနှစ်ဆန်းပိုင်းကနေ မတ်လကုန်အထိ ရန်ကုန်လေ ဆိပ်ကနေ တဆင့် ၀င်ရောက်တဲ့ ထိုင်းနိုင်ငံသား အရေအတွက် ၃ဝ,ဝဝဝ ကျော် ရှိတယ်လို့ သိရပါတယ်။

From...ဧရာဝတီ

No comments:

Post a Comment