Wednesday, April 24, 2013

မိုးညှင်းမြို့နယ် ကျောက်မှော်များတွင် KIA အဖွဲ့မှ လူ ၆၀ ဦးအား ဖမ်းဆီးခဲ့

၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ ကျောက်မှော်နှစ်ခုတွင် KIA အဖွဲ့မှ ဒေသခံရွာသားများနှင့် ကုမ္ပဏီဝန်ထမ်းအချို့အား လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီး သွားခဲ့ကြောင်း သိရ သည်။
`` လွန်ခဲ့တဲ့ ၂ ရက်တုန်းက ည ၈ နာရီ လောက်မှာ ဒီနမ္မတီမှော်ထဲကို KIA အဖွဲ့တစ်ဖွဲ့ သေနတ်တွေ ပစ်ဖောက်ပြီး ၀င်လာတယ်။ ဒီမှောထဲမှာ ရေမဆေးကျောက်ရှာတဲ့ ဒေသခံတွေက အယောက် ငါးဆယ် လောက်ရှိတယ်။ တဲထဲက လူတွေအားလုံး အ၀င်အထွက်ဝိုင်းတယ်။ လူစုံတဲ့အခါကျတော့ အရွယ်ကောင်းတဲ့ ရွာသားအယောက် ၂၀ လောက်ကို KIA က ရွေးထုတ်တယ်၊ ခေါ်သွားမယ်လို့ပြောတော့ လက်အုပ်ချီ ကန်တော့ပြီး တောင်းပန်ကြပါတယ်၊ မိသားစုစားဝတ်နေရေးအတွက် ရုံးကန်ရှာဖွေနေ ရတာလေဗျာ၊ သူတို့ကို ခေါ်သွားတော့ သူတို့မိသားစုကို ဘယ်သူရှာကျွေးမှာတုန်း၊ KIA က အဓမ္မဖမ်းသွားတာ ဒီနေ့အထိ တစ်ယောက် မှ ပြန်မလာကြတော့ဘူး ´´ ဟုရေမဆေးကျောက်ရှာဖွေသူ အသက်ငါးဆယ်ကျော် နမ္မချီရွာသား ဦးစံဌေး ကပြောပြသွားသည်။

၎င်းအဖွဲ့သည် မိုးညှင်းမြို့နယ် စပါးမှော်သို့ ည ၉ နာရီခန့်တွင် ရောက်ရှိလာပြီး ရတနာစိမ်းထွန်းအောင် ကုမ္ပဏီ မှ ၀န်ထမ်းအချို့အား လူသစ်အဖြစ်အတင်းအဓမ္မထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

``ဒီမှော်တဲကို ယမန့်နေ့ည ၉ နာရီလောက်က KIA အဖွဲ့တစ်ဖွဲ့ ၀င်လာတယ်၊ ကုမ္ပဏီမန်နေဂျာကို သေနတ်နဲ့ ချိန်ပြီး ၀န်ထမ်းအားလုံးလူစုခိုင်းတယ်၊ ၁၀၀ ကျော်လောက်တော့ရှိတယ်၊ အဲဒီထဲက အသက် ၁၅ နှစ်နဲ့ ၄၀ကြား ၀န်ထမ်းအမျိုးသား ၄၀ ကို အကြောင်းပြချက်မရှိဘဲ လိုက်ရမယ်ဆိုပြီး ခေါ်သွားတာပဲ၊ ကျွန်တော်တို့လည်း ဘာမှမပြောရဲ ဘူး၊ သေနတ်နဲ့ချိန် ထားတော့ ကြောက်ရတာပေါ့ဗျာ၊ ဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာကို KIA က အခွင့် ကောင်းယူပြီး အခုလိုမျိုး အနိုင်ကျင့်ရဲတာပေါ့၊ အရပ်သားကုမ္ပဏီဝန်ထမ်းတွေရဲ့ ဘ၀ကတော့ သွားပါပြီ၊ မလုံခြုံတဲ့အခြေ အနေဖြစ်လာပြီဆိုတော့ ကုမ္ပဏီရေရှည်လုပ်ဖို့စဉ်းစားရပြီ၊ အဲဒီလိုသာ တရား လက်လွတ်ဥပဒေမဲ့ လုပ်ရပ်မျိုးထပ်လုပ်လာရင် ဘာမှမတက်နိုင်ဘူး၊ ကုမ္ပဏီခဏရပ်ထားဖို့ စဉ်းစားနေပါတယ် ´´ ဟု ရတနာစိမ်းထွန်းအောင် ကုမ္ပဏီမှ ဦးထွန်းအောင်ဇော်က ပြောပြသွားသည်။

KIA အနေဖြင့် ယခုကဲ့သို့ လူသစ်အတင်းအဓမ္မ ဖမ်းဆီးမှုများမှာ တရားဥပဒေမဲ့ လုပ်ရပ်ဖြစ်ပြီး ဆွေးနွေးမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ရိုက်ခတ်မှုဖြစ်သွားနိုင်သည်။ KIA ၏ ယခုလုပ်ရပ်ကြောင့် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအထမြောက်ဘဲ ယခင်ကဲ့သို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမှာကို ဒေသခံများက စိုးရိမ် ပူပန်နေကြရသည်ဟု သိရှိရပါသည်။

အလွတ်သတင်းထောက်တစ်ဦးမှ mail ဖြင့်ပေးပို့လာမှုအား ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment