Friday, May 31, 2013

လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦးအား ဖမ်းဆီးထား၊ ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရသူ အမျိုးသမီး သေဆုံးသည်ဆိုသည့် သတင်း မမှန်ကန်

5.31.17
လားရှိုးမြို့ ရပ်ကွက်အသီးသီးသို့ လှည့်လည်၍ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို မေ ၃၀ ရက် ည ၈ နာရီခန့်က တွေ့ရစဉ်
မေ ၃၀ ရက်အထိ လားရှိုးမြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူ ၃၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
လားရှိုးမြို့နယ်အတွင်း အကြမ်းဖက် ဖျက်ဆီးမှုများနှင့် ပတ်သက်၍ ပါဝင်သူဟု ယူဆရသူများကို မေ ၂၉ ရက်မှ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မေ ၃၀ ရက် ညနေပိုင်းအထိ ဖမ်းဆီးထားသူ ဦးရေမှာ ၃၈ ဦး ရှိကြောင်း သိရသည်။
လမ်းပေါ်သို့ လူအုပ်စုဖြင့် ထွက်ကာ တုတ်ဓားလက်နက်များ ကိုင်ဆောင်ကာ အကြမ်းဖက် ဖျက်ဆီးမှု များ ပြု လုပ်သည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းခံရသူများကို လားရှိုးထောင်တွင် စစ်ဆေးလျက်ရှိကြောင်း၊ ဖမ်းဆီးခံရသူ အများစုမှာ မြန်မာလူမျိုးများ ဖြစ်ပြီး အခြား တိုင်းရင်းသား အနည်းငယ်ပါဝင်ကြောင်း သိရသည်။
ပဋိပက္ခဖြစ်စဉ် အများဆုံးဖြစ်ပွားရာ လားရှိုးမြို့ ရပ်ကွက် (၇) အတွင်းသို့ မေ ၃၀ ရက်  ညနေ ၃ နာရီခွဲခန့်က  လုံခြုံရေးဆောင်ရွက်နေကြစဉ်  (ဓာတ်ပုံ   -   ဝေယံဖြိုးဦး)
5.31.17
''ထိန်းသိမ်းထားတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်မှု အခြေအနေတွေ တည်ငြိမ်သွားအောင် ခေတ္တ ထိန်းသိမ်းရတာ ဖြစ်ပါတယ်။ ဒေသတည်ငြိမ် အေးချမ်းရေးကို မပျက်စေဖို့ လိုက်လံ ထိန်းသိမ်း နေရ တာ ဖြစ်ပါတယ်။ ဒီနေ့လည်း သာသနာရေး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ကြီးကြပ်ဆောင် ရွက်ပြီး ဒုတိုင်းမှူးတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ အပါအ၀င် စစ်ကြောင်း ငါးကြောင်းနဲ့ တုတ်၊ ဓား လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့အစည်းတွေကို လူစုခွဲတာတွေ၊ လိုက်လံရှင်းလင်းမှုတွေ ဆောင်ရွက်နေ ပါတယ်။ မေလ ၃၀ ရက်နေ့ အထိ လားရှိုးမြို့နယ် အခြေအနေက ထိန်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဖျက်ဆီးတဲ့ အဖွဲ့တွေကို ထိန်းနိုင်ပြီဖြစ်ပြီ ဖြစ်ပေမယ့် ပြဿနာကို ဖန်တီးဖို့စောင့်နေတဲ့ အဖွဲ့လေးတွေက ရှိနေပါသေးတယ်။ အင်နဲ့အားနဲ့တော့ မရှိတော့ပါဘူး'' ဟု သာသနာရေး ၀န်ကြီးဌာန၊ သာသနာ ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မေလ ၃၀ ရက်နေ့တွင် ပြောကြား ခဲ့သည်။
ထို့အပြင် ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရကာ ဆေးရုံတက် ကုသခံနေရသူ မအေးအေးဝင်း သေဆုံးသည် ဆိုသော သတင်းထွက်ပေါ် ခဲ့သော်လည်း မှန်ကန်မှု မရှိကြောင်း သိရသည်။
မေ ၃၀ ရက် နံနက် ၈ နာရီခန့်တွင် နယ်မြေ ၁၇၊ ရပ်ကွက်(၇)၌ ၂၀ ဦးခန့်ရှိသော လူတစ်စုက မွတ်စလင်တစ်ဦး ပိုင်ဆိုင်သော အိမ်တစ်လုံးကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သော လူ ၁၃ ဦးခန့်ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ မေ ၂၈ ရက်မှ စတင်သည့် သုံးရက်တာ ပဋိပက္ခ ဖြစ်စဉ်အတွင်း ဆူပူလှုံ့ဆော်သူဟု သံသယရှိသူ စုစုပေါင်း ၃၈ ဦးအား ဖမ်းဆီးထားကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် ရှမ်းပြည်နယ် လားရှိုးမြို့နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့အင်အား ၄၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
5.31.17
လားရှိုးမြို့ ပြည်သူ့ဆေးရုံအနီး လမ်းမတော်လမ်းမပေါ်၌ လုံခြုံရေးဆောင်ရွက်နေသည်ကို မေ ၃၀ ရက်နံနက်ပိုင်းက တွေ့ရစဉ်
''လက်ရှိအချိန်မှာတော့ ဆူပူမှုတွေ အများစုကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်။ ဒီထက် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်'' ဟု လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူက ဆက်လက်ပြောကြားသည်။
လားရှိုးမြို့နယ်အတွင်း လုံခြုံရေး အင်အားကို မေလ ၃၀ ရက်နေ့တွင် ထပ်မံတိုးမြှင့်ခဲ့ပြီး ခမရ ၅၀၄ ကို လားရှိုးမြို့ လုံခြုံရေးအတွက် အင်အားပူးပေါင်းထားကြောင်း သိရှိရသည်။
မေ ၂၈ ရက်မှစ၍ နှစ်ရက်တာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် လူနေအိမ်ငါးလုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ဂိုဒေါင်လေးလုံး၊ ရုပ်ရှင်ရုံတစ်ရုံ၊ ဆိုင်ခန်း ၃၄ ခန်း၊ မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
မေ ၃၀ ရက် နံနက်ပိုင်း၌ လားရှိုးမြို့တွင် အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး လုံခြုံရေးကို ပိုမိုတင်း ကျပ်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ လားရှိုးမြို့မ ဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီ ပိတ်ထားခဲ့သည်။
နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရသော မွတ်စလင် ၁၀၀၀ ခန့်ကိုလည်း ရပ်ကွက် (၁၂) ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ စောင့်ရှောက်ထားကြောင်း သိရသည်။
လားရှိုးမြို့ အမှတ် ၇ ရပ်ကွက် ဘောလုံးကွင်း၌ မီးရှို့ဖျက်ဆီးခံထားရသည့် ကားတစ်စီးအား တွေ့ရစဉ်
5.31.17
ယင်းဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံသူ မွတ်စလင်တစ်ဦးက ''ကျွန်တော်တို့ မိသားစုလေးယောက်စလုံး ရောက်နေပါတယ်။ စစ်တပ်၊ ရဲနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပြင် မှာနေရင် လုံခြုံရေးစိတ်မချရလို့ ဘုန်းတော်ကြီး ကျောင်းမှာပဲ နေထိုင်ဖို့ ပြောကြားထားပါတယ်။ ဆွေမျိုး သားချင်း တွေနဲ့တော့ အဆက် အသွယ်မရပါဘူး'' ဟု ဆိုသည်။
မြို့တွင်း၌လည်း သက်ဆိုင်ရာက''ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ ည ၇ နာရီ နောက်ပိုင်း အပြင် မထွက်ရန် လည်းကောင်း၊ လူစုလူဝေးမပြုလုပ်ရန်၊ တုတ်ဓားလက်နက်ကိုင်ဆောင်ခြင်းမပြုရန်''ကားဖြင့်လှည့်လည် အသိပေးလျက်ရှိသည်။
''လားရှိုးမြို့က ခြောက်ကပ်သွားပြီ။ အထူးသဖြင့် ရပ်ကွက် (၇) ဆိုရင် သုသာန်ပြင်လို ဆိတ်ငြိမ်လို့။ အကြမ်း ဖက်လိုတဲ့ လူတွေကလည်း ဟိုနားစုစု၊ ဒီနားစုစုနဲ့။ စစ်တပ်၊ ရဲနဲ့ တာဝန်ရှိသူတွေက အကြောင်း ကြားရင် ချက်ချင်းရောက်လာပေမယ့် သူတို့ လုံခြုံရေးမရှိတဲ့ဘက်ကို ရွှေ့ကြတယ်'' ဟု ဒေသခံ တစ်ဦး က ပြောကြား သည်။
လားရှိုးမြို့တွင် မွတ်စလင်အများအပြား ၀င်ရောက်လာခြင်း၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်း၊ လူစုလူဝေး များ ပြုလုပ်နေခြင်း စသည့် ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ညနေ ၅ နာရီ ၃၀ မိနစ်ထိ အခြေ အနေ တည်ငြိမ်မှုရှိခဲ့သည်။
နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရသူများအား ရပ်ကွက် (၁၂) ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ မေ ၃၀ ရက်ကတွေ့ရစဉ်
5.31.17
ညနေ ၄ နာရီခန့်တွင် မီးရှို့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းမှာ လယ်ကွင်းအတွင်း၌ အမှိုက်ပုံ မီးရှို့ခြင်းသာ ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သို့သော်လည်း ဈေးဆိုင်များ၊ စားသောက်ဆိုင်များမှာ ဖွင့်လှစ်ရောင်းချခြင်း မရှိခဲ့ဘဲ လမ်းမများပေါ်တွင် လည်း လူသွားလူလာမရှိသ လောက်ဖြစ်ခဲ့ပြီး တစ်မြို့လုံး ဆိတ်ငြိမ်ခဲ့သည်။
အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက် ၍ မေ ၃၀ ရက် ညနေပိုင်းအထိ တုတ်၊ ဓား ကိုင်ဆောင် အကြမ်းဖက် ဆူပူသူ ၃၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''အခုအကြမ်းဖက်မှု ဖြစ်စဉ်တွေကို ထိန်းသိမ်းတဲ့နေရာမှာ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်မှုက ပြတ်သားပြီး ရဲရဲ ၀ံ့ဝံ့ ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပါတယ်။ လားရှိုးမှာ ရှိတဲ့သူတွေကလည်း အေးအေးချမ်းချမ်းနဲ့နေပြီး ကိုယ့်စီးပွားရေးကိုပဲ အာရုံစိုက်ကြတဲ့ သူတွေပဲဆိုတော့ အကြမ်းဖက်လိုသူတွေ ဖမ်းပြလိုက်တော့ မိတ္ထီလာဖြစ်စဉ်လောက် မကြီးထွားခဲ့ပါဘူး။ နောက်ပြီး အဓိကလှုံ့ဆော်သူနဲ့ လွတ်နေတဲ့ သူတွေကိုပါ ဖမ်းဆီး အရေးယူဖို့လိုပါတယ်။ ပါဝင်ဆောင်ရွက်ခဲ့ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်'' ဟု အမှတ်(၂) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

From...Eleven

No comments:

Post a Comment