Friday, May 31, 2013

ရုရှားနိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံသို့ ဒုံးပျံများ ပေးပို့လာပါက ၎င်းဒုံးပျံများကို တိုက်ခိုက် ဖျက်ဆီးသွားမည်ဟု အစ္စရေး ပြောကြား

ရုရှားနိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံသို့ ဒုံးပျံများ ပေးပို့လာပါက ၎င်းဒုံးပျံများကို တိုက်ခိုက် ဖျက်ဆီးသွားမည်ဟု အစ္စရေး ပြောကြား
ဂျေရုဆလင် မေ  ၃ဝ
အစ္စရေး စစ်ဘက်အနေဖြင့် ရုရှား နိုင်ငံမှ ဆီးရီးယား နိုင်ငံသို့ ပေးပို့လာမည့် ဒုံးပျံများကို တိုက်ခိုက် ဖျက်ဆီးသွားရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း  အစ္စရေးကာကွယ်ရေး ဝန်ကြီး မိုရှေးယားလွန်ကသတိပေး ပြောကြားခဲ့သည်။  ရုရှား အစိုးရသည် ဆီးရီးယား နိုင်ငံသို့ ပေးပို့မည့် S-300
ဒုံးပျံများကို သီးသန့် ထားရှိထားကြောင်း ရုရှား တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီးနောက် ယားလွန်၏ သတိပေး ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံသည် S-300 ဒုံးပျံများကို ဆီးရီးယား နိုင်ငံသို့ ပေးပို့မည် ဆိုပါက ဒေသတွင်း အင်အား ချိန်ခွင်လျှာညီမျှမှုကို ကမောက်က မဖြစ် စေခြင်းနှင့် ၎င်းဒုံးပျံများသည် ဟဇ်ဘိုလာ စစ်သွေးကြွတို့ အပါအဝင် အခြား စစ်သွေးကြွ အဖွဲ့များထံသို့ ရောက်ရှိသွားနိုင်ခြင်း တို့ကြောင့် ဒုံးပျံပေးပို့မှုကို ရပ်ဆိုင်းထားရန် အစ္စရေး နိုင်ငံ က တောင်းဆို ပြောကြား လျက်ရှိကြောင်း သိရသည်။ လက်ရှိ အချိန်ထိမူ ရုရှားနိုင်ငံသည် ၎င်း၏ S-300 ဒုံးပျံများကို ဆီးရီးယားနိုင်ငံသို့ ပေးပို့ခြင်း မရှိသေးကြောင်းနှင့် ပေးပို့သွား ဖွယ်မရှိ ဟု မျှော်လင့် ရကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ဆီးရီးယား နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် မတ်လ၌ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ ချိန်မှစ၍ နိုင်ငံအတွင်းရှိ ဓာတုလက် နက်များအပါအဝင် အခြားခေတ်မီ စစ်လက်နက် ပစ္စည်းများ  ဟဇ်ဘိုလာနှင့် အခြားစစ်သွေးကြွ အဖွဲ့များထံ ရောက်ရှိသွားမည်ကို စိုးရိမ်ကြောင်း အစ္စရေး နိုင်ငံက ထပ်တလဲလဲ ပြောကြားလျက်ရှိသည်။  ထို့အပြင် အစ္စရေးနိုင်ငံသည် ဟဇ်ဘိုလာတို့ထံ စစ်လက်နက် ပစ္စည်းများ ပေးပို့လျက် ရှိသည်ဟု ယူဆချက်ဖြင့် ဆီးရီးယား နိုင်ငံအပေါ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ သို့သော် အစ္စရေး နိုင်ငံသည် ၎င်းးတို့၏ လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ အတည်ပြု ပြော ကြားခြင်း မရှိကြောင်း သိရသည်။

From...မြ၀တီ

No comments:

Post a Comment