Monday, May 6, 2013

ဆူပူလှုံ့ဆော်နိင်လောက်သည့် အရည်အချင်းမရှိဟု ဖဖ်းဆီးခံမိသားစုဝင်များ ရှင်းလင်း

မေ(၂)ရက်နေ့က မန္တလေးတွင် ဆူပူဖြစ်ပွားစေရန်လှုံ့ဆော်သူများဟုယူဆ၍ အမှတ်(၈)ရဲစခန်းမှ ပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲဆိုခံထားရသောလူငယ်(၃)ဦးမှာ နိုင်ငံရေးအရှုပ်အရှင်းကင်းရှင်း၍ ၄င်းတို့နေထိုင်ရာ ရပ်ကွက်အတွင်း၌ ကောင်းမွန်စွာလုပ်ကိုင်စားသောက်သူများဖြစ်သည်ဟု သိရှိသည်။

ဆူပူမှုဖြစ်ပွားရန် လှုံ့ဆော်သူများအဖြစ် ဖမ်းဆီးခံထားရသူ လူငယ်(၃)ဦးမှာ အောင်မြေသာဇံမြို့ နယ်မှ အောင်မျိုးကျော်၊ရဲဝင်းအောင်နှင့် ဖြိုးကိုဝင်းတို့ဖြစ်ပြီး အဖမ်းခံရချိန်၌ အရက်သောက်သုံး ထားကြောင်း သိရှိရသည်။

“သားက သောက်တာစားတာကလွဲလို့ ဘာမှမလုပ်တက်ပါဘူး။ အဲနေ့ ည(၉း၃၀)နာရီအထိ အိမ်မှာ ရှိပါ တယ်။ကျွန်တော့်အနေနဲ့ သွားတာလာတာတော့ သားကိုအပြစ်တင်မိပါတယ်။ ဒီပုဒ်မကြီးနဲ့ စွဲချက်တင်ထား တာဆိုတာကို သိရတော့ အံ့သြမိပါတယ်။ ရပ်ကွက်ထဲမှာ စုံစမ်းလို့ရပါတယ် နိုင်ငံရေးကို ဘယ်သူမှ မလုပ်ပါ ဘူး။ သူတို့တွေနောက် ကောက်ကျတာနဲ့ ရဲဆွဲခံရတဲ့ သဘောပါ။”ဟု ဖြိုးကိုဝင်း၏ ဖခင်ဖြစ်သူ ဦးမောင်ထူးက ပြောသည်။

သက်ဆိုင်ရာက ဖမ်းဆီးထားသူ(၃)ဦးမှာ တွင်ခုံလုပ်ငန်းလုပ်ကိုင်ကြပြီး ပညာအရည်အချင်း မူလတန်း အောင်ရုံသာ ရှိကြောင်း ၎င်းတို့အနေဖြင့် ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်နိင်သည့် အရည်အချင်း ၎င်းတို့၌ မရှိကြောင်း တရားခံဟု စွပ်စွဲခံထားရသူ အောင်မျိုးကျော်၏ မိသားစုဝင်တစ်ဦး မှ မေလ(၅) ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“ကျွန်တော်ညီလေးမှာ နိုင်ငံရေးအသိလည်းမရှိပါဘူး စိတ်ဓာတ်လည်း မရှိပါဘူး။ ကျွန်တော်တို့ မိသားစုရဲ့ ဘ၀ကတစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ ဒီလိုမျိုး ဖြစ်သွားတယ်ဆိုတော့ တော်တော်အံ့သြရပါတယ်။ သူ့အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမို့လို့ပါ။ ကလေးတွေအတွက် ဒီပုဒ်မကြီးက အရမ်းကိုကြီး လွန်းပါတယ်။ ဒါလေးတွေကို ပြန်လည်လေ့လာချင့်ချိန်ပြီး ပြန်လည်သုံးသပ်ပေးကြပါလို့ ပြောချင်ပါတယ်။” ဟု ရဲဝင်းအောင်၏အစ်ကိုဖြစ်သူက ပြောသည်။

အဆိုပါ လူငယ်(၃)ဦးအား ဆူပူမှုဖြစ်ပွားစေရန်လှုံ့ဆော်သူများအနေဖြင့် ချမ်းအေးသာစံ အမှတ်(၈) ရဲ စခန်းက ပုဒ်မ ၅၀၅(ခ)ဖြင့် တရားဆွဲဆိုထားပြီး မေ(၃)ရက်နေ့တွင် ချမ်းအေးသာစံ မြို့နယ် တရားရုံးတွင် ရုံးထုတ်ကာမေ(၇)ရက်နေ့သို့ ရုံးချိန်းပေးထားကြောင်း သိရသည်။

ဆူပူမှုဖြစ်ပွားစေရန်လှုံ့ဆော်သူများဟု ယူဆခံထားရသူများ၏ မိသားစုဝင်များက မေလ(၅)ရက်နေ့ မွန်းလွှဲ (၁း၀၀)နာရီခန့်က ပြုလုပ်သည့် သတင်းစာရှင်းလင်း၌ ပြောကြားခြင်း ဖြစ်သည်။

မောင်ယဉ်ကျော်-မန္တလေး (မြစ်မခ)

No comments:

Post a Comment