Tuesday, May 28, 2013

မက်တူးမော်တော်ယာဉ်နှင့် လက်နက်၊ ခဲယမ်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် မိုင်းလီကျေးရွာအုပ်စု နားဆော့ကျေးရွာ၌ မက်တူး မော်တော်ယာဉ် တစ်စီးနှင့် လက်နက်၊ ခဲယမ်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်တွင် လားရှိုးမြို့ အေးရှားဝေါလ်
တိုးဂိတ်၌ မော်တော်ယာဉ်အမှတ် ၃င/…… မက်တူးရွှေငါး အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးအား မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့က စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ရပ်တန့်ပေးခြင်း မရှိဘဲ တိုးဂိတ်မောင်းတံအား တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့များ ပူးပေါင်း ပြီး မော်တော်ယာဉ်အား ပိတ်ဆို့စစ်ဆေး ရှာဖွေရာ နာဆော့ကျေးရွာ ဘုန်းကြီးကျောင်းရှေ့၌ အဆိုပါ ယာဉ်အား တွေ့ရှိရပြီး ယာဉ်ပေါ်တွင် တစ်ဦးတစ်ယောက်မျှ မရှိတော့ဘဲ လက်နက်များနှင့် ခဲယမ်းများ ကိုသာ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကားပေါ်မှ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည့် လက်နက်များမှာ အမ် ၂၂ ခေါက်ဒင် ၁၁ လက်၊ အမ် ၂၂ ခေါက်ဒင်မပါ သုံးလက်၊ အမ် ၇၉ (၄၀)မမ ဗုံးပစ်လောင်ချာ သုံးလက်၊ အမ် ၁၆ မောင်းပြန်ရိုင်ဖယ် လေးလက်၊ ပစ္စတိုတစ်လက် စုစုပေါင်း ၂၂ လက်ဖြစ်ပြီး ခဲယမ်းများမှာ ၉ မမ ကျည် ၅ဝ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၂၅၅၉ တောင့်ဖြစ်ကြောင်း၊ လက်နက်ငယ် ကျည်အိမ်မျိုးစုံ ခြောက်ခုပါရှိကြောင်း သိရသည်။ ဆက်လက်၍ သတင်းဖော်ထုတ် ချက်များအရ နားဆော့ဘုန်းကြီးကျောင်း ခြံစည်းရိုးအပြင်ဘက်တွင် အမ် ၂၂ လက်နက်ငယ် ၁ဝ လက်၊ ၅ ဒသမ ၅၆ ကျည် ၁၃ဝ တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် လက်နက်မျိုးစုံ ၃၂ လက်နှင့် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရ ရှိသည်ဟု ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

From...ခေတ်လူငယ်

No comments:

Post a Comment