Saturday, June 8, 2013

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ်ကို သိသိသာသာ လျော့ကျစေမည်

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ်ကို သိသိသာသာ လျော့ ကျစေ မည်ဖြစ်ကြောင်း တရုတ်ကျွမ်းကျင်သူများ၏ ပြောကြားချက် ကို ကိုးကားပြီး Press Trust of India က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စွမ်းအင်ကို ပြည်ပမှ တင်သွင်းလျက် ရှိနေရပြီး မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကြောင့် အမေရိကန်က ထိန်းချုပ်ထား သည့် မလက္ကာ ရေလက်ကြားကို စွမ်းအင်တင်သွင်းရန်အတွက် မှီခိုရန် မလိုအပ်တော့ကြောင်း သိရသည်။

''တရုတ်နိုင်ငံရဲ့စွမ်းအင်လုံခြုံမှုဟာ မြန်မာနိုင်ငံကို ဖြတ်သန်းလာတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လမ်းကြောင်း သစ်ကြောင့် ပိုမိုခိုင်မာလာပါတယ်'' ဟု တရုတ်နိုင်ငံ၏ အရှေ့တောင် လေ့လာရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Xu Liping ၏ ပြောကြားချက်ကို ကိုးကားပြီး အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ နှစ်စဉ်သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ လေးပုံတစ်ပုံကို အဆိုပါပိုက်လိုင်းများ က ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း ကျွမ်းကျင်သူ များက ခန့်မှန်းထားသည်။

သုံးနှစ်ကြာ ဆောက်လုပ်ပြီးနောက် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် စမ်းသပ်ပို့ လွှတ်နိုင်ရေး အတွက် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း တရုတ် အစိုးရပိုင် CNPC က ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရေနံပိုက်လိုင်း တည်ဆောက်မှုမှာလည်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် ရေနံ ပိုက်လိုင်းမှာ အရှည် ၇၇၁ ကီလိုမီတာရှိပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာမူ ၇၉၃ ကီလိုမီတာ အရှည်ရှိကြောင်း သိရသည်။ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလျံ ပို့ဆောင်မည်ဖြစ်သည်။
Eleven Media Group

No comments:

Post a Comment