Saturday, June 8, 2013

ကညနမှ ဒေါ်လာအစား ကျပ်ငွေဖြင့် လက်ခံ၍ တစ်ရက်လျင် ကန်ဒေါ်လာ တစ်သန်းခွဲထိ ၀ယ်လိုအားကျပြီး ဒေါ်လာလဲနှုန်း ပြန်ကျမည်ဟုဆို

6.7.5
သိမ်ဖြူငွေလဲကောင်တာရှိ နိုင်ငံခြားငွေ လဲလှယ်နှုန်းအား ဇွန် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်တော်ယာဉ် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းကို အမေရိကန်ဒေါ်လာအစား ကျပ်ငွေဖြင့် ပေးသွင်းခွင့် ပြုလိုက်သည့် အတွက် ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၀ယ်လိုအားမှာ တစ်ရက်လျှင် အနည်းဆုံး တစ်သန်းခွဲနီးပါးအထိ ၀ယ်လိုအား ကျဆင်းသွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံကာ အစားထိုးယာဉ် တင်သွင်းခြင်းနှင့် တစ်ဦးချင်း တင်သွင်းခြင်းများ အများဆုံး ပြုလုပ်သည်မှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး လက်ရှိတွင် တစ်ရက်လျှင် ကားအစီးရေ အနိမ့်ဆုံး ၄၀၀ မှ အမြင့်ဆုံး ၈၀၀ အထိ လာရောက် မှတ်ပုံတင်ခြင်း ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကညနမှ ထုတ်ပြန်ချက်များအရ သိရသည်။

တစ်စီးလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၅၀၀ ၀န်းကျင်အား ယာဉ်မှတ်ပုံတင်ခ ပေးသွင်းရသည့် အတွက် အနည်းဆုံး မှတ်ပုံတင်သည့် အစီး ၄၀၀ ဖြင့် တွက်လျှင်ပင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း အတွက် အမေရိကန်ဒေါ်လာ တစ်ရက်လိုအပ်ချက်မှာ တစ်သန်းအထိ ရှိမည်ဖြစ်သည်။

အခြားတိုင်းနှင့် ပြည်နယ်အသီးသီးတွင် နေ့စဉ်မှတ်ပုံတင်သည့် အစီးရေနှင့် တစ်နိုင်ငံလုံး နေ့စဉ်မှတ်ပုံတင် သည့် အစီးရေမှာ တစ်ရက်လျှင် ပျမ်းမျှ အစီး ၆၀၀ ဖြင့် တွက်လျှင်ပင် ယာဉ်မှတ်ပုံတင်ခ တစ်မျိုးတည်း အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သန်းခွဲအထိ လိုအပ်မည်ဟု ကားလုပ်ငန်းရှင်များက တွက်ချက် ပြောကြားခဲ့သည်။

''တစ်ရက်ကို အစီး ၆၀၀ ပျမ်းမျှတစ်စီး ဒေါ်လာ ၂၅၀၀ နဲ့တွက်ရင် မှတ်ပုံတင်ခ သီးသန့်အတွက် တစ်ရက်မြန်မာနိုင်ငံရဲ့ဒေါ်လာ ၀ယ်လိုအားဟာ ဒေါ်လာတစ်သန်းခွဲ အနည်းဆုံး ရှိတယ်။ အဲဒီအတွက် ဒေါ်လာဈေး ပြန်ကျမှာပဲ။ ဒါပေမဲ့ ကညနက ကျပ်ငွေလက်ခံမယ်လို့ သတင်းလည်းထွက်ရော အရမ်းထိုးကျသွားမှာစိုးလို့ ထင်တယ်။ ဒေါ်လာဈေးကို ချက်ချင်းပြန်ဆွဲ တင်လိုက်ကြတယ်။ အတင်းဆွဲတင်တာ မဟုတ်ဘူးဆိုရင်တော့ ဈေးကွက်ရဲ့ ၀ယ်လိုအား ရောင်းလိုအားအတိုင်း ဆိုရင်တော့ ဒေါ်လာဈေး ပြန်ကျရမှာပါ'' ဟု ပြည်ပမှ ကုန်စည်တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ လဲနှုန်းမှာလည်း လက်ရှိအချိန်တွင် တစ်ဒေါ်လာ ၉၄၉ ကျပ်မှ ကျပ် ၉၄၀ အောက်အထိ ဆက်တိုက် ကျဆင်းဖွယ်ရှိသည်ဟု ခန့်မှန်းမှုများအရ သိရသည်။

ကညနမှ မော်တော်ယာဉ် မှတ်ပုံတင်ခအား ကျပ်ငွေဖြင့် လက်ခံမည်ဟု သတင်း ထွက်ပြီးနောက် ဒေါ် လာဈေး အား ပြန်လည် မြှင့်တင်ကာ ဇွန် ၇ ရက်တွင် တစ်ဒေါ်လာ ၉၄၉ ကျပ်အထိ ပြန်လည်မြင့် တက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုသို့ပြန်တက်မှုမှာ ဈေးကွက် အခြေအနေမှန်ကြောင့် ဆိုခြင်းထက် ဒေါ်လာဈေး ထိုးကျမသွားစေရန် ထိန်းချုပ်သည့်အနေဖြင့် ထိုးမကျမီ ဈေးဆွဲတင်ထားသည့် သဘောမျိုး ဖြစ်ခြင်းကြောင့် ဟု သုံးသပ်မှုများရှိနေပြီး ကညနမှ ကျပ်ငွေဖြင့် စတင်လက်ခံမည့် ဇွန် ၁၀ ရက် နောက်ပိုင်းမှ စ၍ ဒေါ်လာဈေး ပြန်လည်ကျဆင်းမည်ဟု တွက်ချက်ထားခဲ့ကြကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment