Tuesday, June 25, 2013

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိသည့်အတွက် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

6.24.18
ဇွန်၂၄ ရက်က ကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အား တွေ့ ရစဉ်။ (ဓာတ်ပုံ-နေရိုင်း)
မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များသည် အရည်အသွေးနှင့် နိုင်ငံတကာ စံချိန်စံညွှန်း ကိုက်ညီမှု
မရှိသည့် အတွက် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း ၂၀၁၃ ခုနှစ် ဇွန်၂၄ ရက်တွင် ကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြား ခဲ့သည်။''ဈေး ကွက်အခြေခံ စီးပွားရေးစနစ်နဲ့အညီ မြန်မာနိုင်ငံအဖို့ လယ်ယာထွက်ကုန်များ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ၊ အရည်အသွေး တိုးတက်ကောင်းမွန်မှုနဲ့ ပိုးမွှားကင်းစင်မှုများ ပြည့်စုံရန်အတွက် နည်းပညာများ လိုအပ်လျက် ရှိနေပါတယ်။ ထို့ကြောင့် သီးနှံထုတ်လုပ်မှု ပိုလျှံသော်လည်း ယင်းလိုအပ် ချက်များ ရှိနေသည့်အတွက် နယ်စပ်ကုန်သွယ်မှုကိုသာ အားထားနေရလျက် ရှိပါတယ်'' ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက် ပြောကြားခဲ့သည်။
ရိတ်သိမ်းချိန် မတိုင်မီနှင့် ရိတ်သိမ်းချိန်လွန် အပိုင်းတွင် ခေတ်နောက်ကျ ကျန်နေမှုများ ရှိနေသည့် အတွက် အရည်အသွေးပိုင်း မြှင့်တင်မှု ပြုပြင်ခြင်း လုပ်ငန်းစဉ်များမှာ လူ့စွမ်းအား အရင်းအမြစ် များ ပြည့်စုံဖို့ တောင်သူလယ်သမားများ အတွက် ရိတ်သိမ်းချိန် မတိုင်မီနှင့် ရိတ်သိမ်းချိန်လွန် ဆိုင်ရာ စက်ပစ္စည်း ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
လယ်ယာကဏ္ဍ တိုးတက်နိုင်ရန် အတွက် သန့်စင်သော ထုပ်ပိုးမှု အပိုင်းနှင့် ပိုးမွှားရောဂါ ကာကွယ် ထိန်းချုပ်ရေး အပိုင်းများ လိုအပ်လျက်ရှိပြီး လယ်ယာထွက်ကုန်များ တင်ပို့ရာတွင် အစားအစာ အန္တရာယ်ကင်းရှင်းရေး စံနှုန်းများနှင့် ကိုက်ညီရန်အတွက် ပိုးမွှားကင်းရှင်းကြောင်း လက်မှတ် ထုတ်ပေးခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ Quarantine Procedures နှင့် အညီ ဆောင်ရွက်နိုင် ရန် ရေနွေးငွေ့ အပူပေးခြင်း ကိရိယာများကဲ့သို့ ပိုးမွှား ထိန်းချုပ်မှုဆိုင်ရာ ပစ္စည်းများ လိုအပ်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၇၀ သည် လယ်ယာကဏ္ဍအပေါ် မှီခိုအသက် မွေး ၀မ်းကျောင်း ပြုနေ ရပြီး နိုင်ငံ၏ လက်ရှိ ဆင်းရဲမှုနှုန်း ၂၅ ရာခိုင်နှုန်းအား ၂၀၁၅ ခုနှစ် တွင် ၁၆ ရာခိုင်နှုန်း အထိ လျော့ချ သွားရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ USAID, MSU, MDRI-CESD မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

From..EMG

No comments:

Post a Comment