Sunday, June 16, 2013

မြစ်ဆုံစီမံကိန်း အပြီးသတ် ရပ်ဆိုင်းရန် တရုတ် ကုမ္ပဏီအား တိုက်တွန်း

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်တန့်ရန်အတွက် မေတ္တာရပ်ခံတိုက်တွန်းခဲ့ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ တရားဝင်ဖိတ်ကြားချက်အရ ခြောက်ရက်ကြာ လေ့လာရေး ခရီးမှ ပြန်လည်ရောက်ရှိ လာသော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေး က ပြောကြားသည်။

မြစ်ဆုံရေကာတာ စီမံကိန်း ဆောက်လုပ်ခြင်းကြောင့် မြန်ာမာနိုင်ငံအနေဖြင့် အကျိုးအမြတ်များစွာ ရရှိနိုင်မည် ဖြစ်ကြောင်း တရုတ်ပြည်မှ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ပြောကြား ခဲ့သော် လည်း ပြည်သူလူထု၏ဆန္ဒကို ငွေကြေးဖြင့်တန်ဖိုးဖြတ်ရန် မဖြစ် နိုင်သလို၊ ဧရာဝတီမြစ်ကို မှီခို၍ လုပ် ကိုင်စားသောက် နေသော ပြည်သူများ၏ ရှေ့ရေးကြောင့် ယခုကဲ့သို့ အပြီးသတ် ရပ်ဆိုင်းရန် တိုက် တွန်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“စီးပွားရေးအရ ဘယ်လောက်ပဲ အကျိုးရှိတယ် ပြောပြော ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ သုံးသပ်တဲ့ အတွက် CPI ကုမ္ပဏီကို မြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းဖို့ မေတ္တာရပ်ခံပြီး တိုက်တိုက်တွန်း တွန်း ပြောခဲ့တယ်”ဟု ကိုမြအေးက တရုတ်နိုင်ငံတွင် ရေကာတာစီမံကိန်း ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်များကို ပြောကြားသည်။

ဒေသခံတိုင်းရင်းသားများရော မြန်မာပြည်သူတစ်ရပ်လုံးပါ မြစ်ဆုံစီမံကိန်း တည်ဆောက်မှုကို လက်ခံနိုင်မည် မဟုတ်ကြောင်း၊ ဧရာဝတီမြစ် သည် ရှေးမြန်မာ ယဉ်ကျေးမှုတို့ ထွန်းကားရာနေရာ တစ်ခုလည်း ဖြစ်သလို ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာလည်း မြန်မာနိုင်ငံ၏ ဆန်စပါးအဓိကထွက်ရှိရာ နေရာဖြစ်သောကြောင့်   မြစ် ဆုံကြောင့် ဆန်စပါးစိုက်ပျိုးရန် ခက်ခဲလာနိုင်ပြီး ပြည်သူများ၏ စားဝတ်နေရေးကို ထိခိုက်လာ နိုင်ကြောင်း၊ မြစ်ဆုံစီမံကိန်းကြောင့် စစ်ပွဲဖြစ်ပွားနေ သော ကချင်ဒေသအပါအဝင် တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ် အပေါ် ထိခိုက်ပြီး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဆက်လက်ရှင်းလင်း ပြောကြားသည်။

CPI ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ BOD ကုမ္ပဏီနှင့် နှစ်ငါးဆယ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပြီး အကျိုးရလာဘ်အနေဖြင့် မြန်ာမာနိုင်ငံမှ ဒေါ်လာသန်း၅၀ ကျော်နှင့် တရုတ်နိုင်ငံမှ သန်း ၃၀ ခန့်သာ ရရှိနိုင်ကြောင်းကို ကုမ္ပဏီဘက်မှ ရှင်းလင်းပြောကြားသလို တရုတ်ပြည်သူ့အစိုးရ တာဝန်ရှိသူများဘက်မှ လည်း နိုင်ငံတကာစာ ဥပဒေများအရ ယခုကဲ့သို့ မြန်မာအစိုးရဘက်မှ တစ်ဖက်သတ် ရပ်ဆိုင်းခြင်းအပေါ် အရေးယူမှု များ ပြုလုပ်နိုင်သော်လည်း မည်သည့် အရေးယူ မှုမျှမပြုလုပ်ခဲ့ကြောင်း CPI ကုမ္ပဏီနှင့် တရုတ်အစိုးရတို့၏ ပြောကြားချက်တို့ကိုလည်း ကိုမြအေးက ပြန်လည် ပြောကြားသည်။

ဝေယံ
မြန်မာ့ခေတ်

No comments:

Post a Comment