Tuesday, June 18, 2013

မလေးရှားရှိ တရားမဝင် မြန်မာလုပ်သား အားလုံး တရားဝင် အထောက်အထား ထုတ်ပေးမည်

အကြမ်းဖက်မှုများကြောင့် လူသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှားနိုင်ငံတွင် တရား မဝင် မြန်မာ လုပ်သား နှစ်သိန်းခန့်ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အထောက်အထားများ
ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာ လုပ်သား များကို တရားဝင် အထောက်အထား ထုတ်ပေးသည့် ပုံစံမျိုးအတိုင်း မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမား များကို နှစ်နိုင်ငံအစိုးရ ညှိနှိုင်းကာ တရားဝင် အထောက်အထားရရှိအောင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီက လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ “သံရုံးမှာ ဝန်ထမ်း အင်အားက နည်းနေတယ်။ လုပ်နေရတဲ့ လုပ်ငန်းစဉ်က များတယ်။ ဝန်ထမ်းအင်အား တိုးဖို့လိုတယ်” ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က ပြော ကြားသည်။ မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တရားဝင် အထောက် အထား မရှိသဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် အလုပ်သမား ၃၀၇ ဦးမှာ အထောက်အထား မရှိသဖြင့် ဆက်လက်ဖမ်းဆီး ခံထားရဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ပြန်လာသူစုစုပေါင်း ၄၅၉ ဦး ရောက်ရှိလာပြီး ၄င်းတို့မှာ အကြမ်းဖက်မှုဂယက်ကြောင့် ပြန်လာသူများ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူ ၂၅ ဦးမှာ ဇွန်လ ၁၇ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ နောက်ထပ်ပြန်လာရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် တရားဝင် အထောက်အထား (Certificate of Identity) ပြု လုပ်နေသူ ၁၄၀ ဦးရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြ ထားပါ သည်။ 
From...ခေတ်လူငယ်

No comments:

Post a Comment