Friday, June 28, 2013

ဆေးလိပ်ဆေးရွက်ကြီး ထိန်းချုပ်ရေး ဥပဒေ၏ လိုအပ်ချက်ကို နည်းဥပဒေ၌ ဖြည့်စွက်မည်

6.27.13
ဘီယာဆိုင်၌ ဆေးလိပ်သောက်သုံးနေသော လူငယ်တစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် လိုအပ်နေသည့် အချက်
များကို ယခုရေးဆွဲနေသည့် နည်းဥပဒေတွင် ဖြည့်စွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန ၊ ဆေးလိပ် တိုက်ဖျက်ရေး စီမံချက်မှ စီမံချက် မန်နေဂျာ ဒေါက်တာနန်းနိုင်နိုင်ရှိန်၏ ပြောကြားချက်အရ သိရ သည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး နည်းဥပဒေကို ကျန်းမာရေး ၀န်ကြီး ဌာနနှင့် ဥပဒေပညာရှင်များ ပူးပေါင်းရေးဆွဲလျက် ရှိကြောင်း သိရသည်။
နည်းဥပဒေတွင် ထည့်သွင်းသွားမည့် အချက်အလက်များကို သက်ဆိုင်ရာ နှီးနွှယ်ဌာနများမှလည်း အကြံပြု ချက် ရယူထားပြီး ဖြစ်ကြောင်းနှင့် နည်းဥပဒေအား ယခုနှစ်အတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
''နည်းဥပဒေမှာ ဘယ်အချက်တွေကို လုပ်သွားမယ် ဆိုတာကို ကျန်းမာရေးဝန်ကြီး ဌာနကသူတွေနဲ့ ဥပဒေ ပညာရှင်တွေ ဆွေးနွေးနေတုန်းပါပဲ။ တခြားနှီးနွှယ် ဌာနတွေက အကြံပြုချက်တွေ ပို့ထားတာလည်း ရှိပါ တယ်။ ဒီအချက်တွေအပေါ် အခြေခံပြီး ဥပဒေ ပညာရှင်တွေနဲ့ ပြုလုပ် သွားမှာ ပါ။ မြန်မာနိုင်ငံ မှာက ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေ ရှိပေမယ့် အဲဒီဥပဒေပါ အချက်အလက်တွေကို လိုက်နာမှုက အလွန်အားနည်း နေပါသေးတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကြော်ငြာတွေကို တားမြစ်ထားပေမယ့် လုပ်ငန်း ရှင်တွေက နည်းအမျိုးမျိုးနဲ့ သူတို့ကုန်ပစ္စည်းကို ပြည်သူလက်ထဲ ရောက်အောင် ပို့နေသေးတယ်။ အကြံပြုစာတွေမှာဆိုရင် သတိပေးစာတွေကို ပိုပြီးထည့်ဖို့၊ အရောင်းမြှင့်တင်ရေး အပိုင်းတွေမှာ ပိုမို တင်းကျပ်ဖို့ စတာတွေပါတယ်။ နောက်ကျောင်းသား ကျောင်းသူအရွယ်တွေမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု မြင့်လာတဲ့အတွက် ကျောင်းသင်ခန်းစာတွေမှာ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပညာပေးတွေ ကိုလည်း ထည့်သွင်းပေးဖို့ အကြံပြုထားကြပါတယ်'' ဟု ဒေါက်တာနန်းနိုင်နိုင်ရှိန်က ဆက်လက် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂၀၀၆ ခုနှစ်တွင် ပြဋ္ဌာန်းထားသော်လည်း အများပြည်သူ သဘောပေါက် နားလည်မှု အားနည်းသကဲ့သို့ ဥပဒေ ဆိုင်ရာ အရေးယူမှုမှာလည်း အားနည်းနေသေးကြောင်းနှင့် ဥပဒေတစ်ခုလုံးအား ဖြည့်စွက်ပြင်ဆင် သည့် လုပ်ငန်းမှာ အချိန်ယူလုပ်ကိုင် ရသည့်အတွက် လက်ရှိဥပဒေဘောင် အတွင်းမှ အရေးယူ ဆောင်ရွက်နိုင် သည်များကို ဦးစားပေး ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆန္ဒရှိနေကြကြောင်းလည်း သိရ သည်။

From...EMG

No comments:

Post a Comment