Thursday, June 27, 2013

အပြုသဘောဆောင်သည့် ဆန္ဒပြ တောင်းဆိုမှုများကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် ပေးရမည်ဟု သမ္မတ ဦးသိန်းစိန် ပြောကြား

အပြုသဘောဆောင်သည့် ဆန္ဒပြ တောင်းဆိုမှုများကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် ပေးရမည်ဟု
သမ္မတ ဦးသိန်းစိန်က ဇွန် ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စီမံကိန်းကော်မရှင် အစည်းအဝေး ဒုတိယနေ့တွင် နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
ပြစ်တင်ဝေဖန်မှုများ၊ ဆန္ဒပြ တောင်းဆိုမှုများသည် ဒီမိုကရေစီ နိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စ များဖြစ်ကြောင်း၊ ဒီမိုကရေစီ ရင့်ကျက်သည့် နိုင်ငံများတွင်ပင် ကြုံတွေ့ကြရကြောင်း၊ အပြုသဘောဆောင် သည့် ပြည်သူများ၏ဆန္ဒကို အလေးထားရမည်ဖြစ်ပြီး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် ပေးသွားရ မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် အဆိုပါ ပြစ်တင်ဝေဖန် မှုများကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ တုံ့ဆိုင်းသွားတာမျိုး မဖြစ် ရအောင် သတိပြုရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက် ဖြစ်သည့်အတွက် တရားဥပဒေ စိုးမိုးမှုရှိအောင် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွတ်လပ်မှုနှင့်အတူ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တရား ဥပဒေ လေးစားလိုက်နာမှုများကို ပြည်သူအတွင်း ပျံ့နှံ့နေအောင် အုပ်ချုပ်ရေးပိုင်း က ဆောင်ရွက်သွား ရမည် ဟုလည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ဆက်လက်၍ သမ္မတ ဦးသိန်းစိန်က တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့က အဓိကကျသည့် အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကမ္ဘာ့အဆင့်မီ ရဲတပ်ဖွဲ့ဖြစ်အောင် အဖက်ဖက်က အဆင့်မြှင့်ဆောင် ရွက် ပေးရမည်ဖြစ်ပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့များ၏ တရားဥပဒေနှင့် ညီညွတ်သော လုပ်နည်းလုပ်ဟန်များကို နမူနာယူရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို နှစ်ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယနေ့ အစည်းအဝေးသို့ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ၀န်ကြီးများ ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယ၀န်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

From...EMG

No comments:

Post a Comment