Thursday, June 27, 2013

နှစ်လခွဲအတွင်း နိုင်ငံ့ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် အထိရှိ၊ သွင်းကုန်ပမာဏမှာ ပို့ကုန်ပမာဏထက် ဒေါ်လာတစ်ဘီလျံနီးပါး ပိုများနေ

muse-june27
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် စစ်ဆေးရေး စခန်းအား တွေ့ရစဉ်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ဧပြီ ၁ ရက်မှ ဇွန် ၁၄ ရက်အထိ နှစ်လခွဲ ကာလအတွင်း မြန်မာနိုင်ငံ၏
ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အထိရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
ယခုဘဏ္ဍာနှစ် ကုန်သွယ်ရာ၌ ထူးခြားချက်အနေဖြင့် သွင်းကုန်ပမာဏမှာ ပို့ကုန်ပမာဏ၏ တစ်ဆခွဲ အထိ မြင့်တက်နေခြင်းဖြစ်ပြီး ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံ နီးပါး အထိ ပိုမိုမြင့်တက် နေခြင်းဖြစ်ကြောင်း သိရသည်။
သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ နီးပါးဖြစ်ပြီး ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ၀န်းကျင်ဖြစ်ကြောင်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ လေး ဘီလျံကျော်အထိ ရှိသည်ဟု သိရသည်။
ထို့အတွက် နိုင်ငံ့ကုန်သွယ်မှုတွင် ပို့ကုန်မှရသည့် နိုင်ငံခြား ငွေပမာဏနှင့် သွင်းကုန်အတွက် ပြန်သုံး သည့် နိုင်ငံခြား ငွေပမာဏ ကွာခြားချက်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး ရှိနေသည်။
ပို့ကုန်မှရသည့် ပမာဏထက် ပိုမိုသုံးစွဲ လာရသည့်အတွက် ပြည်တွင်းရှိ နိုင်ငံခြားငွေကြေး လဲလှယ် သည့် ဈေးကွက် အတွင်း၌လည်း အမေရိကန်ဒေါ်လာ လိုအပ်ချက်မှာ ယခင်နှစ်များကထက် ပိုမိုများပြား လာသည့် အနေအထား ဖြစ်သည်။
လက်ရှိ အမေရိကန်ဒေါ်လာလဲနှုန်း မြင့်တက်ရသည့် အကြောင်းရင်းများ ထဲတွင်လည်း သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ လိုအပ်ချက် မြင့်တက်မှုသည် အချက်တစ်ချက်အနေဖြင့် ပါဝင်သည် ဟု ပြင် ပငွေကြေး ဈေး ကွက်အတွင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း အဓိက တင်သွင်းနေသည့် ကုန်စည်မှာ ဆောက်လုပ်ရေး ကုန်ကြမ်းသုံး ပစ္စည်းများ၊ စက်သုံးဆီနှင့် မော်တော်ယာဉ်၊ စက်ယန္တရားတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တရားမ၀င် တင်သွင်းမှုများအတွက် သုံးစွဲရသည့် အမေရိကန် ဒေါ်လာမှာလည်း လစဉ် အမေရိကန်ဒေါ်လာ သန်းချီသုံးစွဲလျက် ရှိနေပြီး ဟန်းဆက်၊ စက်သုံးဆီ၊ ဓာတ်ငွေ့ရည်၊ ဘိလပ်မြေ၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန် ပစ္စည်းများအား အဓိက မှောင်ခိုတင်သွင်းလျက် ရှိသည်ဟု သိရသည်။
ဟန်းဆက်တရားမ၀င် တင်သွင်းမှုကြောင့် မူဆယ်- မန္တလေး ကုန်သွယ်မှုလမ်းကြောင်း တစ်ခုတည်းပေါ်၌ပင် ၂၇ ကြိမ်အထိ ဖမ်းမိပြီး အလုံးရေ တစ်သောင်းနီးပါး ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုသို့ မှောင်ခိုများပြားနေဆဲ ဖြစ်သည့်အတွက် နိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ မြင့်တက်သင့် သလောက် မြင့်တက်လာမှု မရှိကြောင်း၊ ထို့အတွက် ပင်လယ်ရေကြောင်း ၊ လေဆိပ် တို့မှ မှောင်ခိုကုန်သွယ် မှုများကိုပါ အဖွဲ့ဖြင့် ဖမ်းဆီးရန် ပြင်ဆင်လာကြောင်း သိရသည်။

From...EMG




No comments:

Post a Comment