Saturday, June 8, 2013

မောင်တောဒေသမှာ ကလေးနှစ်ယောက် ကန့်သတ်မိန့် မထုတ်ပြန်ရသေး

Photo: ပုဂံဇုန်၊ ပြတိုက်နှင့် နန်းတော် ဝင်ကြေးများ တိုးမြှင့်ကောက်ခံတော့မည်
Saturday, June 8, 2013

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ပုဂံဇုန်၊ ပြတိုက်နှင့် နန်းတော်
အတွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသား လေ့လာသူများအား ဝင်ကြေးများ တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“နဂို မူလ နှုန်းတွေထက် ၅ ဒေါ်လာစီ တိုးမြှင့်ကောက်ခံဖို့ စီစဉ်နေပါတယ်။ အရင်က ရှေးဟောင်း သုတေသန ကနေ ကောက်ခံတာပါ။ အခုကျတော့ Myanmar Tourism Federation က တရားဝင် လွှဲပြောင်းလုပ်ကိုင်ရမှာ
ဖြစ်ပါတယ်” ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

ယင်းသို့ လွှဲပြောင်း လုပ်ကိုင်နိုင်ရန်အတွက် နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုကာ ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီးဖြစ်သည်ဟု ဆိုသည်။

“ဌာနနဲ့ Myanmar Tourism Federation နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို
ရှေ့နေချုပ်ရုံးက လိုတာပိုတာတွေ စိစစ်ပြီးမှ လုပ်ငန်း လွှဲပြောင်းပေး
ရမှာပါ” ဟု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။

လက်ရှိအချိန်တွင် ပုဂံဒေသတွင် နိုင်ငံခြားသား တဦးလျှင် အမေရိကန် ၁၀ ဒေါ်လာ ကောက်ခံလျက်ရှိသည်။ ထို့အပြင် ပုဂံပြတိုက်သို့ ၅ ဒေါ်လာ၊ နန်းတော်အတွင်းသို့ ၅ ဒေါ်လာနှုန်းဖြင့် ကောက်ခံလျက်ရှိသည်။

“Myanmar Tourism Federation ရဲ့ လွှဲပြောင်းလုပ်ကိုင်မှုက ဇူလိုင်လလောက်မှာ အကောင်အထည်ဖော်လာနိုင်ဖွယ် ရှိပါတယ်။
ကောက်ခံမှု အသစ်အရ ပုဂံဇုန် ဝင်ကြေးက ၁၅ ဒေါ်လာ။ ပုဂံပြတိုက်နဲ့ နန်းတော် အတွင်း ဝင်ကြေးက ၁၀ ဒေါ်လာစီ ပေးဆောင်ရမှာပါ” ဟု ဦးနိုင်ဝင်း က ပြောသည်။

ဝင်ကြေးများ၏ ၈၅ ရာခိုင်နှုန်းကို ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ပေးသွင်း
ရမည် ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်း တိုးတက်ရေး အတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

“Myanmar Tourism Federation က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှု အောက်မှာ ရှိနေတော့ တိုးမြှင့်ကောက်ခံရတဲ့ ဇုန်ဝင်ကြေးတွေကို ထင်ထင်ရှားရှား ထုတ်ပြန်ကြေညာပြီး ခရီးသွား
လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် အမှန်တကယ် အသုံးပြုကြောင်းကိုလည်း ထုတ်ပြန်ပေးသင့်ပါတယ်။ ဒါမှလည်း ဖွံ့ဖြိုးမှုတွေကိုမြင်လာရမှာ ဖြစ်ပါ
တယ်” ဟု ပုဂံ ဧည့်လမ်းညွှန် ဦးအောင်ကို က ပြောဆိုသည်။

Mizzima
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရိုဟင်ဂျာ မွတ်စလင် မိသားစုတစ်စုကို ကလေး ၂ ဦးထက် ပိုမယူဖို့နဲ့ တစ်လင် တစ်မယားစနစ်ကျင့်သုံးဖို့ ဆိုတဲ့ ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ် အစိုးရအနေနဲ့ အခုချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပဲ စဉ်းစားနေဆဲသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက် ပါတယ်။
ဒီဒေသန္တရအမိန့် ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရရဲ့ သဘောထားကို ဦးဝင်းမြိုင်က အခုလို ပြောကြား ပါတယ်။

"အမှန်ကတော့ ဒီသတင်းထုတ်ဖို့က အခုမှစီစဉ်တုန်းပဲရှိသေးတယ်၊ အပြင်ကိုထုတ်ပြန်ထားတာတော့ မရှိသေး ဘူး၊ တကယ်တမ်း ထုတ်လို့ရှိရင် ဒေသန္တရဆိုတာလည်း သူ့အမိန့်သူ့ဘာသာသူ ထုတ်လို့ရတယ်၊ ပြည်နယ် အစိုးရကိုလည်း တင်ပြစရာမလိုဘူး၊ ထုတ်ပြီးရင်တော့ ပြည်နယ်အစိုးရကို တင်ပြလို့ ရတယ်ပေါ့၊ ပြည်နယ် နဲ့ နိုင်ငံလုံခြုံရေးအတွက်ကတော့ ဘာပဲဖြစ်ဖြစ် လိုအပ်တယ်ဆိုရင်တော့လည်း သူ့ဥပဒေသူ ထုတ်နိုင်စရာ အကြောင်းရှိတယ်ပေါ့၊ အခုချိန်မှာတော့ ဘာမှတော့မလုပ်သေးပါဘူး"

အဲဒီအမိန့်ကို အတည်ပြုထုတ်ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေဆဲအချိန်မှာပဲ ဝန်ထမ်းတစ်ချို့ကနေတဆင့် ပေါက် ကြား မှုကြောင့် အခုလိုသတင်းတွေ ပြန့်သွားရတာဖြစ်တယ်လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။ အဲဒီဒေသန္တရအမိန့် အပေါ် ရခိုင်တိုင်းရင်းသားအားလုံးက ထောက်ခံတယ်ဆိုတဲ့ ဆန္ဒပြပွဲတွေ မကြားသေးခင်ရက်ပိုင်းက စစ်တွေ၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ လူဦးရေထောင်နဲ့ချီပြီး တောင်းဆို ဆန္ဒပြခဲ့ကြပါသေးတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ဒီဒေသန္တရအမိန့်ဟာ လက်ရှိမှာ တရားဝင်အတည်ပြုထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါသေးတယ်။

RFA

No comments:

Post a Comment