Saturday, June 8, 2013

မန္တလေး-နေပြည်တော် တစ်ကျော့ပြန်ငလျင် အန္တရာယ် သတိပြုသင့်

ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မန္တလေးမြို့မှ နေပြည်တော်အထိ လမ်း အပိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ အတွင်း ငလျင်များလှုပ်ခတ်ထားခြင်း မရှိသောကြောင့် တစ်ကျော့ပြန် လှုပ်ခတ်လာနိုင်မည့် ငလျင်အန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။ 
 
ငလျင်ကြီးများ စစ်ကိုင်းပြတ်ရွေ့ကြော ပေါ်တွင် မြေပြင်ရွေ့များအရ ဒေသ အပိုင်းအခြားအလိုက် လှုပ်ခတ်ခြင်းသာ ဖြစ်သည့်အတွက် စစ်ကိုင်းပြတ်ရွေ့ကြော မြောက်ဘက်ခြမ်းရှိ စစ်ကိုင်းမြို့မှ တကောင်းမြို့အထိ နှစ်ပေါင်း ၂၀ အတွင်း အင်အား ရစ်ခ်ျစတာ စကေး ၇ အဆင့်ရှိ အင်အားပြင် ငလျင်လှုပ်ခတ်မှု များပြားနေသည်ကို တွေ့ရှိရပြီး ကျန်ပြတ်ရွေ့ အပိုင်းအချို့သည် လှုပ်ခတ်ထားခြင်း မရှိသေးသောကြောင့် အဆိုပါ မြို့နယ်များသည် အထူးသတိထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 
 
ငလျင်လှုပ်ခတ်ရာတွင် နောက်ဆက်တွဲ အခြေအနေအဖြစ် မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ် များ တွေ့ကြုံနိုင်ခြင်းကြောင့် သစ်တောများ ထိန်းသိမ်းပြီး တောင်ယာ တိုးချဲ့မှုများကို တားမြစ်သင့်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ တာလေငလျင် ကွင်းဆင်းအစီရင်ခံစာ တွင် ဖော်ပြရေးသား ထားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ သပိတ်ကျင်းမြို့နယ်တွင် ၂၀၁၂ ခုနှစ်က အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနှင့် လူအသေ အပျောက်များ ဖြစ်ပေါ်ခဲ့သည်။ 
 
 စစ်ကိုင်းပြတ်ရွေ့ကြော အပေါ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်များမှာ ၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးတွင် အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ၁၊ ၁၉၉၁ ခုနှစ်တွင် တကောင်းမြို့ အနီး၌ ၇ ဒသမ ၀၊ ၂၀၀၃ ခုနှစ်တွင် တောင်တွင်းကြီး၌ ၆ ဒသမ ၇ နှင့် ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းမြို့ အနီး၌ ၆ ဒသမ ၈ တို့ဖြင့် လှုပ်ခတ်ခဲ့ကြောင်း အဆိုပါအသင်း မှတ်တမ်းများအရ သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။ 
Khit Lu Nge

No comments:

Post a Comment