Saturday, June 8, 2013

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား မြန်မာနိုင်ငံမှ ပြန်လည် ခေါ်ယူနိုင်ရန်ဆောင်ရွက်



မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဌာန (DSI)၊ UNIAP တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား မြန်မာနိုင်ငံမှ ပြန်လည်လက်ခံ ခေါ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတပ်ဖွဲ့မှ UNIAP (မြန်မာ) သို့ ပေးပို့တင်ပြလာသည့် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှ မ...ဆိုသူက ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်က မြဝတီမြို့သို့ စားစရိတ်ငြိမ်း တစ်လလျှင် ငွေကျပ်သုံးသိန်း ရမည်ဆိုပြီး မြန်မာနိုင်ငံသား လူငယ် ၂၂ ဦးအား ၄င်း၏သမီး၊ တူမတို့ ဦးဆောင်မှုဖြင့် မူလပို့ဆောင်ပေးမည်ဟု စီစဉ်ထားသည့် မြဝတီမြို့သို့ မပို့ဆောင်ဘဲ လမ်းခရီးတွင် အခက်အခဲများ ချုပ်နှောင်၊ ခြိမ်းခြောက်ခံရခြင်း များစွာဖြင့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် ထမ္မကာမြို့နယ် ဆင်သော်ရပ်ကွက်ရှိ Vita Food Factory (ဒေသအခေါ် ဝိုင်တဖုစက်ရုံ) သို့ နှစ်ကြိမ်ခွဲ၍ ပို့ဆောင်ခဲ့သည်။ 
 
စက်ရုံတွင် လုပ်အားခခေါင်းပုံဖြတ်မှုများ များစွာဖြင့် လုပ်ခလစာနည်းပါးစွာ အသက်ရှင် ရပ်တည်ခဲ့ရသည့် လုပ်သားအချို့မှာ စက်ရုံမှထွက်ပြေးလွတ်မြောက်လာခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် UNIAP (မြန်မာ) အကူအညီဖြင့် လူကုန်ကူးသူများအား အမှုဖွင့် အရေးယူနိုင်ခဲ့သည်။ ဆက်လက်၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)၊ UNIAP (မြန်မာ)၊ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများအား ကယ်တင် စောင့်ရှောက်နေသည့် MAT၊ LPN စသည့် အဖွဲ့များနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြိမ်ကြိမ် အပြန်အလှန် ဆက်သွယ်ပူးပေါင်း ညှိနှိုင်းနိုင်ခဲ့ကြပြီး ထိုင်းနိုင်ငံရှိ Vita Food Factory (ဒေသခေါ် ဝိုင်တဖုစက်ရုံ) မှ မေ ၁၈ ရက်တွင် ရှစ်ဦး၊ မေ ၃ဝ ရက်တွင် ခြောက်ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၄ ဦးကို ကူညီကယ် ဆယ်နိုင် ခဲ့သည်။ 
 
ယခုအခါ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ ၁၄ ဦးအား မြန်မာနိုင်ငံသို့ မကြာမီ ကာလအတွင်း တရားဝင် ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရန် ထိုင်းနိုင်ငံရှိ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်း (Shelter) တွင် ကူညီစောင့်ရှောက် ကယ်ဆယ်ထားရှိလျက် ရှိကြောင်း သိရှိရသည်။ ယခင်နှစ်များကလည်း ၄င်းစက်ရုံမှ ထွက်ပြေး လွတ်မြောက်လာသူများရှိခဲ့ပြီး လူကုန်ကူးသူများအား အမှုဖွင့်အရေးယူ ထားရှိကြောင်းနှင့် နှစ်နိုင်ငံ ပူးပေါင်း ဖမ်းဆီးရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထား ပါသည်။ 
Khit Lu Nge

No comments:

Post a Comment