Sunday, June 2, 2013

အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံခြောက်မျိုးအား ကမ္ဘောဇကုမ္ပဏီ စတင်လုပ်ကိုင်


kbzarmakhan-june1
အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း ကုမ္ပဏီလီမိတက်အား ဗိုလ်ဆွန်ပက် ကွန်ဒိုတွင် ဖွင့်လှစ်ထားစဉ်

အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း IKBZ Insurance Co., Ltd အနေဖြင့် ငွေကျပ် ၄၆ ဘီလျံ မတည်ရင်းနှီးကာ အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံလုပ်ငန်း (၆)မျိုးကို စတင် လုပ်ကိုင်ခွင့် ရရှိပြီဖြစ်ကြောင်း ဇွန် ၁ ရက်၊ ဆီဒီုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အာမခံ ကိုယ်စားလှယ်များနှင့် တွေ့ ဆုံပွဲ အခမ်းအနားတွင် ကမ္ဘောဇကုမ္ပဏီများ အုပ်စုမှ Managing Director ဦးညိုမြင့်က ပြောကြားခဲ့သည်။
IKBZ Insurance Co.,Ltd အနေဖြင့် အာမခံလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ (IBSB) မှ လိုင်စင်အမှတ် (၀၀၁)ဖြင့် ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့က စတင်လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
"ကျွန်တော်တို့ အနေနဲ့ IKBZ ကို ဆောင်ရွက်ဖို့အတွက် ငွေကျပ် ၄၆ ဘီလျံ မတည်ထားပါတယ်။ အာမခံ ခြောက်မျိုးအတွက် ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပြီးတော့ အသက်အာမခံ အတွက် ခြောက်ဘီ လျံ၊ အထွေထွေ အာမခံအတွက် ဘီလျံ ၄၀ လျာထားပါတယ်။ နောက်ထပ် မတည်ရင်းနှီးငွေ ထပ်တိုးသွားဖို့လည်း စီစဉ်ထားပါတယ်။ လက်ရှိမှာ ဗိုလ်ဆွန်ပက်ကွန်ဒိုမှာ ယာယီရုံးခန်း ဖွင့်လှစ်ထားပါတယ်။ ကမ်းနားလမ်းက ခြောက်ထပ်ရုံးကို ရုံးဖွင့်ဖို့အတွက် ကျွန်တော်တို့ နှစ်ရှည်ငှားရမ်း ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ပြင်ဆင်မှုတွေ မပြီးသေးလို့ ဗိုလ်ဆွန်ပက် ကွန်ဒိုမှာ စတင်ဖွင့်လှစ် ထားရတာပါ။ အခုကစပြီး အလုံးစုံ မော်တော်ယာဉ် အပါအ၀င် အာမခံ (၆)မျိုး စလုံးအတွက် အာမခံ စထားလို့ ရပါပြီ" ဟုလည်း ကမ္ဘောဇ ကုမ္ပဏီများအုပ်စုမှ Managing Director ဦးညိုမြင့် က ပြောကြားခဲ့သည်။
အဆိုပါ အာမခံ (၆)မျိုးမှာ အသက်အာမခံ၊ မီးအာမခံ၊ သမာဓိအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံနှင့် အလုံးစုံ မော်တော်ယာဉ် အာမခံတို့ ဖြစ်ကြပြီး အသက်အာမခံ အမျိုးအစား တွင် ပြည်သူပြည်သား အသက်အာမခံ၊ စုပေါင်းအသက် အာမခံ၊ မြွေအန္တရာယ် အသက်အာမခံနှင့် အားကစားသမား အသက်အာမခံတို့ ပါဝင်ကြောင်းလည်း IKBZ Insurance Co., Ltd ၏ Principle Officer ဒေါ်တင်အေးဝင်းက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အာမခံကြေး ပေးသွင်းရမယ့် နှုန်းထားက IBSB က သတ်မှတ် ထားတဲ့ နှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်။ အလုံးစုံ မော်တော်ယာဉ်ဆိုတဲ့ နေရာမှာ စက်တပ်ထား တဲ့ မော်တော်ယာဉ်မှန်သမျှ အာမခံ ထားလို့ရတယ်။ ဒီနေရာမှာ ကိုယ်ပိုင်ကားတွေရော ပစ္စည်းသယ်တဲ့ လုပ်ငန်းသုံးကား၊ တက္ကစီယာဉ်တွေပါ အာမခံ ထားလို့ရပါတယ်။ မော်တော်ယာဉ် အာမခံ ထားတဲ့အခါ ပရီမီယံကြေးက အနီနဲ့အနက် ကွာတယ်။ သိန်း ၁၀၀ တန်ကား နံပါတ်အနီဆိုရင် ပရီမီယံကြေးက ကျပ် ၁၆၀၀၀၀၊ နံပါတ် အနက်ဆိုရင် ကျပ် ၈၀၀၀၀ သတ်မှတ် ထားပါတယ်။ အသက်အာမခံ အနေနဲ့ ပြည်သူပြည် သား အသက်အာမခံက ၁၈ နှစ်ကနေ ၅၅ နှစ်အတွင်း ကျန်းမာရေး ကောင်းမွန် တဲ့သူတွေ ထားလို့ရတယ်။ စုပေါင်းအသက် အာမခံကတော့ ဌာနတစ်ခုမှာ ငါးယောက်နဲ့အထက် လုပ်ငန်းခွင် ၀င်ရောက်နိုင်တဲ့သူ အသက် ၁၈ နှစ်ကနေ ၅၉ နှစ်အတွင်း အာမခံ ထားလို့ရပါတယ်" ဟုလည်း အထွေထွေမန်နေဂျာ ဦးအောင်စိုးဦးက ပြောပြခဲ့သည်။
အာခမံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့အနေဖြင့် ပြည်တွင်းကုမ္ပဏီ ၁၂ ခုမှ ငါးခုကို လုပ်ငန်းလိုင်စင် ချထားပေး ခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီငါးခုမှာ IKBZ၊ ဂရန်းဂါးဒီးယန်း အာမခံ အများပိုင် ကုမ္ပဏီလီမိ တက်၊ အောင်သစ္စာဦး အာမခံ ကုမ္ပဏီလီမိတက်၊ နိုင်ငံသား စီးပွားရေး အာမခံ အများပိုင် လီမိတက်နှင့် အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီလီမိတက်တို့ ဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment