Sunday, June 2, 2013

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်း အောဘရိုက်နှင့် ဦးခွန်ထွန်းဦး၊ ဦးသိန်းညွန့်တို့ ရန်ကုန်မြို့၌ ယနေ့ (ဇွန် ၂) တွေ့ဆုံမည်

usinterministery-june1
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်းအောဘရိုက်
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်း အောဘရိုက် သည် ဇွန် ၂ ရက်(ယနေ့) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်တို့နှင့် ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင် သီးခြား စီ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

မက်ဒယ်လိန်း အောဘရိုက်သည် ဦးခွန်ထွန်းဦးနှင့် နံနက် ၁၀ နာရီခွဲ အချိန်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဦးသိန်းညွန့်နှင့် မွန်းလွဲ ၂ နာရီအချိန်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
"သူကတော့ လူ့အခွင့်အရေးတွေ ပြောနေတာပဲ။ အဲဒီတော့ အဲဒါအဓိက ပါမယ်ထင်တယ်။ တိုင်းရင်းသား ဆိုတော့ တိုင်းရင်းသား အရေးတွေလည်း ပါမှာပေါ့" ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။
တွေ့ဆုံရာတွင် ပါဝင်မည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် အတွင်းရေးမှူး ဦးကျော်ကလည်း "အမေရိကန် ပြည်ထောင်စု အနေနဲ့ ကျွန်တော်တို့ဆီက ပါတီတွေ အားလုံးနဲ့ တပြေးညီ ဆက်ဆံဖို့ လိုတဲ့အကြောင်း ကျွန်တော်တို့ အဓိကထား ဆွေးနွေးသွားပါမယ်၊ ပါတီတစ်ခုတည်းနဲ့ပဲ အမြဲထိတွေ့ ဆက်ဆံနေတဲ့အခါ အဲ့ဒီပါတီရဲ့ အာဘော်အတိုင်း ဖြစ်သွားလိမ့်မယ်" ဟု ပြောကြားသည်။
မက်ဒယ်လိန်း အောဘရိုက် အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး သမ္မတ ဘီလ်ကလင်တန်လက်ထက် ၁၉၉၇ ခုနှစ် ဇန်န၀ါရီ ၂၃ မှ ၂၀၀၁ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် အမေရိကန် ဂျော့ခ်ျတောင်းတက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေပြီး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့် လည်း တွေ့ဆုံ သွားရန်ရှိကြောင်း သိရသည်။

No comments:

Post a Comment