Tuesday, June 25, 2013

နောက်ကြောင်းပြန် အာဏာသိမ်းယူမှု မဖြစ်ပေါ်စေရန် စစ်တပ်ပိုင် အကျိုးစီးပွားများကို ထိပါးမှု မပြုသင့်ကြောင်း Educational Initiatives အဖွဲ့ ပြောကြား

နောက်ကြောင်းပြန် အာဏာသိမ်းယူမှုများ လုပ်ဆောင်မှု ရှိနေသည်ဟု ပြည်သူ အများစု ဝေဖန်နေ သည့် မြန်မာ့နိုင်ငံရေး အခြေအနေအတွက် စစ်တပ်မှ အာဏာသိမ်းယူမှု မဖြစ်ပေါ်ရန် စစ်တပ်ပိုင်
အကျိုးစီးပွားများကို ထိပါးမှု မပြုသင့်ကြောင်း The Educational Initiatives မှ Mr. Igor Blazevic က ပြောကြားသည်။
အာဏာရှင်နိုင်ငံများမှ ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းသည့် နိုင်ငံများ၏ ဒီမိုကရေစီရေး ဆိုင်ရာ အသွင်ကူးပြောင်းမှုများကို လေ့လာနေသည့် The Educational Initiatives အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်စနစ်မှ ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ ကူးပြောင်း ခဲ့သည့် နိုင်ငံ များဖြစ်သည့် ပါကစ္စတန်၊ ထိုင်းစသည့် နိုင်ငံအခြေအနေများနှင့် နှိုင်းယှဉ်ပြောကြား ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း မြေပေါ်မြေအောက် သယံဇာတ အရင်းအမြစ်များအား အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်နေပြီး လုပ်ငန်းကြီး အများစုကို ချုပ်ကိုင်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကဲ့သို့သော စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းစု ရှိနေသည့်အတွက် ၎င်းက နှိုင်းယှဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ပါကစ္စတန်၊ ထိုင်းလို အားနည်းတဲ့ ဒီမိုကရေစီနဲ့ စစ်တပ်က အာဏာသိမ်းတာ တစ်လှည့်စီ ဖြစ်နေတယ်။ သူတို့ စစ်တပ်တွေမှာလည်း အထိမခံတဲ့ စီးပွားရေးတွေရှိတယ်။ သူတို့အကျိုးစီးပွားကို ထိပါးလာရင် အာဏာသိမ်းတယ်။ သိမ်းပြီးလို့ နှစ်နှစ်သုံးနှစ်ကြာရင် ငါတို့အကျိုးစီးပွားကို လာမထိနဲ့ ဆိုတာမျိုး သတိပေးပြီး အာဏာပြန်လွှဲလိုက်တယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုး ဖြစ်နိုင်တယ်။ သူတို့ အာဏာ သိမ်းတာက မြန်မာနိုင်ငံစစ်တပ်လို အတိုက်အခံကို ထောင်ထဲ ထည့်၊ အနှစ် ၄၀ လောက် ပြည်သူကို ဒုက္ခရောက်အောင် မလုပ်တာပါပဲ'' ဟု Mr. Igor Blazevic က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ တိုက်ရိုက် ချုပ်ကိုင်ထားသော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် သာမက စစ်ဗိုလ်ချုပ်ကြီးများ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပိုင်ဆိုင်ထားသော စီးပွားရေး အင်အားစုများ ရှိနေပြီး ထိုသို့ အရင်းရှင် စစ်ဗိုလ်ချုပ်များ အနေဖြင့် ဈေးကွက်စီးပွားရေး စနစ်အရ နိုင်ငံ တကာ ချေးငွေရ ယူနိုင်ခြင်း၊ နိုင်ငံတကာတွင် မျက်နှာပြနိုင်ခြင်း စသည့် ဟန်ပြကောင်းသော ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် အကောင်အထည် ဖော်နိုင်ကြောင်း Mr. Igor Blazevic က ဆက်လက်ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ပါလီမန်ထဲမှာ အခု တပ်မတော်သား မရှိတော့ဘူး။ စစ်တပ်ကလည်း အရပ်သား အစိုးရရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ။ အခုဆို အင်ဒိုစစ်တပ်ကို လူ့အခွင့်အရေး မချိုးဖောက်ဖို့ တားထားတယ်။ ပြီးတော့ စစ်ဗိုလ်ဟောင်းတွေကို ပင်စင်ကောင်းကောင်းပေးပြီး နေရာဖယ်တယ်။ ပြီးတော့ အမေရိကန်လို နိုင်ငံမျိုးမှာ စစ်ပညာသင်လာတဲ့ လူငယ်တွေနဲ့ အစားထိုးတယ်။ ဒီတော့ အရင်တုန်းကလို စစ်တပ် လုပ်နည်း လုပ်ဟန်တွေ ပြောင်းသွားတယ်။ အသွင်ကူးပြောင်းမှု အောင်မြင်ချင်ရင် စစ်တပ်ကို လိုက်လျောမှုတွေ လုပ်ပေးရမယ်...


မြန်မာနိုင်ငံနှင့် အလားသဏ္ဌာန်တူသော အင်ဒိုနီးရှား နိုင်ငံတွင်လည်း အစိုးရ အဖွဲ့တွင် တပ်မတော် သားများ ပါဝင်နေပြီး ပါလီမန်အတွင်းတွင်လည်း တပ်မတော်သား ၁၀၀ ပါဝင်နေကာ အင်ဒိုနီးရှားနိုင်ငံ တွင် အစိုးရအဖွဲ့ အနေဖြင့် စစ်တပ်အား လွှမ်းမိုးနိုင်မှု မရှိသော်လည်း ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပတိုင်း တပ်မတော်သား အရေအတွက်အား လျော့ချသွားခြင်း၊ စစ်တပ်ပိုင် အကျိုးစီးပွားများကို ထိပါးမှုမရှိခြင်း၊ စစ်တပ်အတွက် ဘတ်ဂျက်ပိုပေးခြင်း၊ ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် နောက်ကြောင်းပြန် အရေးယူမှု မရှိခြင်း စသည့်လုပ်ငန်းစဉ်များအား လုပ်ဆောင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
''အင်ဒိုနီးရှားနိုင်ငံရဲ့ ပါလီမန်ထဲမှာ အခု တပ်မတော်သား မရှိတော့ဘူး။ စစ်တပ်ကလည်း အရပ်သား အစိုးရရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီ။ အခုဆို အင်ဒိုစစ်တပ်ကို လူ့အခွင့်အရေး မချိုးဖောက်ဖို့ တားထားတယ်။ ပြီးတော့ စစ်ဗိုလ်ဟောင်းတွေကို ပင်စင်ကောင်းကောင်းပေးပြီး နေရာဖယ်တယ်။ ပြီးတော့ အမေရိကန်လို နိုင်ငံမျိုးမှာ စစ်ပညာသင်လာတဲ့ လူငယ်တွေနဲ့ အစားထိုးတယ်။ ဒီတော့ အရင်တုန်းကလို စစ်တပ် လုပ်နည်း လုပ်ဟန်တွေ ပြောင်းသွားတယ်။ အသွင်ကူးပြောင်းမှု အောင်မြင် ချင်ရင် စစ်တပ်ကို လိုက်လျောမှုတွေ လုပ်ပေးရမယ်။ နောက်ကြောင်းပြန် အရေးယူမယ် ဆိုတာမျိုး မလုပ်ဘဲနဲ့ စစ်တပ်ကြောင့် နစ်နာခဲ့ရတဲ့သူတွေကို ဘယ်လိုမျိုး ကုစားမလဲဆိုတာ ရှာဖွေရမယ်။ ကုစားပေးရမယ်။ နောက်ကြောင်းပြန် အာဏာသိမ်း မခံချင်ရင် စစ်တပ်ရဲ့ အကျိုးစီးပွားကို လုံးဝ မထိပါနဲ့'' ဟု Mr. Igor Blazevic က သတိပေး ပြောကြားသည်။
ကမ္ဘာပေါ်တွင် တပ်မတော်မှ ကမကထ ပြုပေးသည့် အသွင်ကူးပြောင်းမှုများ၏ တစ်ဝက်မှာ အောင်မြင်မှု မရရှိကြောင်း Myanmar Peace Center မှ အထူးအကြံပေး အရာရှိ ဦးလှမောင်ရွှေက ပြောကြားထားပြီး အသွင်ကူးပြောင်းမှု မအောင်မြင်နိုင်သည့် အချက်အလက်များအားလုံး မြန်မာနိုင်ငံတွင် ရှိနေသည့်အပြင် ထိုသို့ အသွင်ကူးပြောင်းသည့် နိုင်ငံများထက် ပိုမိုများပြားသည့် လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေကြောင်းလည်း ပြောကြားသည်။
မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန် မလှည့်ရန်မှာ အာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တာဝန်အရှိဆုံးဖြစ်ပြီး နောက်ကြောင်းပြန်အောင် ပြောသည့် လုပ်သည့်သူ များ ကို ချေမှုန်းပစ်ရမည်ဖြစ်ကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပါတီပိုင် ပြည်ထောင်စုနေ့စဉ် သတင်းစာသို့ ပြောကြားထားသည်။

From...EMG

No comments:

Post a Comment