Sunday, June 2, 2013

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်း (WAN-IFRA) မှ ပေးအပ်သော၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ရရှိ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အဖွဲ့အစည်း (World Association of News-papers and News Publishers- WAN-IFRA) မှ ပေးအပ်သော ၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ရရှိခဲ့ကြောင်း သိရှိရပါသည်။


ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်းသည် သတင်းလွတ်လပ်ခွင့်အတွက် ရဲရင့်စွာ လုပ်ဆောင်ခဲ့သော ကမ္ဘာတစ်လွှားမှ ဂျာနယ်လစ်များကို ဂုဏ်ပြုသောအားဖြင့် ၁၉၆၁ ခုနှစ်မှ စတင်ကာ ရွှေကလောင်ဆုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ဆုကို ချီးမြှင့်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေသော ဂျာနယ်လစ်များ သာမကဘဲ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရှိနေသောဂျာနယ်လစ်များကိုပါ သတင်းလွတ်လပ်ခွင့်အတွက် စွမ်းဆောင်မှုကို လေ့လာစောင့်ကြည့်ပြီး ပေးအပ်ခြင်း ဖြစ်ပါသည်။

အဆိုပါ ရွှေကလောင်ဆုကို မြန်မာနိုင်ငံမှ ဂျာနယ်လစ်သုံးဦးသာ ရရှိခဲ့ဖူးပြီး ပထမဆုံး ရရှိခဲ့သူမှာ ဂါးဒီးယန်း ဦးစိန်ဝင်းဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ပူးတွဲအနေဖြင့် ရရှိခဲ့သူနှစ်ဦးမှာ ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ဖြစ်ပြီး ၂၀၀၁ ခုနှစ်က ရရှိခဲ့ကြပါသည်။

ဒေါက်တာသန်းထွဋ်အောင်သည် ရွှေကလောင်ဆုကို မြန်မာနိုင်ငံမှ စတုတ္ထမြောက် ရရှိခဲ့သူ ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆုပေးပွဲကို ဇွန် ၃ ရက် (ယနေ့) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ပြုလုပ်မည့် ၆၅ ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံ (65th World Newspaper Congress) ဖွင့်ပွဲတွင် ပေးအပ်မည်ဖြစ်ကာ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် တက်ရောက် ဆုလက်ခံရယူမည်ဖြစ်ပြီး မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတကာမှ ဂျာနယ်လစ်ပေါင်း ၁၂၀၀ ကျော် တက်ရောက်မည်ဖြစ်ကာ ကမ္ဘာ့ထိပ်တန်း သတင်းစာများမှ ထုတ်ဝေသူများ၊ အယ်ဒီတာချုပ်များ၊ အယ်ဒီတာများနှင့် သတင်းစာဆရာများ၊ နာမည်ကျော် သတင်းဌာန များ၊ ရုပ်သံသတင်းဌာနများမှ ပါဝင်တက်ရောက်ကြမည် ဖြစ်သည်။

၆၅ ကြိမ်မြောက် ကမ္ဘာ့သတင်းစာ ညီလာခံနှင့်အတူ (၂၀) ကြိမ်မြောက် ကမ္ဘာ့အယ်ဒီတာများ ဖိုရမ်ကို လည်း ပူးတွဲပြုလုပ်မည်ဖြစ်သည်။

ရွှေကလောင်ဆုသည် သတင်းလွတ်လပ်ခွင့်အတွက် လုပ်ဆောင်ခဲ့ကြသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ထူးခြားသည့် လုပ်ရပ်များကို အသိအမှတ် ပြုရန်အတွက် ရည်ရွယ်ပေး အပ်ခြင်း ဖြစ်ပါသည်။ ထို့ပြင် အာဏာရှင် အစိုးရများကိုပင် အမှန်တရားအတွက် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သော ဂျာနယ်လစ်များ သို့မဟုတ် သတင်းအဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရန် အတွက်လည်း ပေးအပ်ခြင်း ဖြစ်ပါသည်။ ဆုရရှိသူ ဂျာနယ်လစ်များ၏ အမည်နောက်တွင် ကိုယ်ကျိုးစွန့် မှုများ၊ ထောင်သွင်း အကျဉ်းချ နှိပ်စက်ခံရမှုများ၊ ဖိနှိပ်ခံရမှုများ၊ သတ်ဖြတ်ခံရမှုများနှင့် ခြိမ်းခြောက်ခံရမှု များ အစရှိသဖြင့် ရှိနေခဲ့သည်ဟု WAN-IFRA က ၎င်းတို့ပေးအပ်သော ရွှေကလောင်ဆုနှင့် ပတ်သက်ပြီး ဖော်ပြခဲ့ပါသည်။

ရွှေကလောင်ဆုသည် ကမ္ဘာတစ်လွှားရှိ ဂျာနယ်လစ်တစ်ဦးချင်း (သို့မဟုတ်) သတင်းအဖွဲ့အစည်း အား ရွေးချယ်ပြီး နှစ်စဉ်ချီးမြှင့်နေသော ဆုဖြစ်ပါသည်။ ယနေ့အချိန်အထိ အဆိုပါဆုရရှိသူ နိုင်ငံတကာ ဂျာနယ်လစ် ၄၈ ဦးရှိပြီး တရုတ်နိုင်ငံက လေးကြိမ်ရရှိခဲ့သည်။ ဒုတိယ အများဆုံး ရရှိသောနိုင်ငံ မှာ မြန်မာနိုင်ငံဖြစ်ပြီး သုံးကြိမ်ရရှိခဲ့ပါသည်။ အာဆီယံဒေသတွင်း နိုင်ငံများအနက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က တစ်ကြိမ်စီ ရရှိထားပါသည်။

ရွှေကလောင်ဆုကို ၂၀၁၂ ခုနှစ်တွင် နောက်ဆုံးရရှိထားသူမှာ မက္ကဆီကန် အမျိုးသမီးဂျာနယ်လစ် Anabel Hernandez ဖြစ်ပါသည်။

၂၀၀၁ ခုနှစ်တွင် ရွှေကလောင်ဆုကို ပူးတွဲရရှိခဲ့သော ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) တို့မှာလည်း ထောင်ဒဏ်ကျခံ နေရစဉ်အတွင်း ရွှေကလောင်ဆု ချီးမြှင့်ခံခဲ့ရခြင်းဖြစ်ပြီး ဆုကို ပြည်ပသို့ သွားရောက်ရယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ၌ အသီးသီး ဆုလက်ခံ ရရှိခဲ့ပါသည်။

ထို့အပြင် WAN-IFRA မှ ဦး ဆောင်ကျင်းပသော ကမ္ဘာ့သတင်းစာများ ညီလာခံကို နိုင်ငံတကာ ၌ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ၂၀၁၂ ခုနှစ်က ယူကရိန်းနိုင်ငံတွင် ကျင်းပခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပခြင်း ဖြစ်ပါသည်။

Eleven Media Group သည် ၂၀၁၁ ခုနှစ်က ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်သော တစ်နှစ်တာအတွက် အကောင်းဆုံး သတင်းမီဒီယာဆုကို ၂၀၁၁ ခုနှစ်က ရရှိခဲ့သည်။

ELEVEN

No comments:

Post a Comment