Wednesday, August 21, 2013

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား မိတ္ထီလာမြို့သို့ ဖြတ်သန်းသွားစဉ် မြို့ခံများ ကန့်ကွက်ဆန္ဒပြ

L-21-8
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားအား မိတ္ထီလာလူထုက ပြည်ထောင်စု တံတားအနီးတွင် ဆန့်ကျင်ဆန္ဒပြနေစဉ်
သြဂုတ် ၁၉ ရက် ညပိုင်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မိတ္ထီလာ မြို့သို့ ဖြတ်သန်းသွားစဉ် မြို့ခံအင်အား ၂၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂ
လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနား မိတ္ထီလာမြို့သို့ ရောက်ရှိနေစဉ်အတွင်း မိတ္ထီလာ မြို့ ပြည်ထောင်စု တံတားထိပ်၌ မြို့ခံလူအင်အား ၂၀၀ ခန့်က ကင်တားနား အလိုမရှိဟုသော ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီး မစ္စတာကင်တားနားသို့ အိတ်ဖွင့်ပေးစား တစ်စောင် ပေးအပ် ခဲ့ကာ ဒေသခံအမြောက်အမြား လာရောက်အားပေးခဲ့ကြောင်း သိရသည်။
"ကင်တားနား လာမယ်ဆိုလို့ ကန့်ကွက်ဆန္ဒပြတာပါ၊ အခုညနက်ပိုင်းတောင် လူအင်အား ၁၅၀ ကျော်လောက် ရှိသေးတယ်။ အစောပိုင်းက လူ ၁၀၀၀ လောက်ရှိမယ်၊ ညမထွက်ရ အမိန့်ကြောင့် အချို့ပြန်သွားကြတယ်၊ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာတွေကို ကျွန်မတို့ မကျေနပ်ကြောင်း ဆန္ဒလာထုတ်ဖော်တာပါ" ဟု ကန့်ကွက်ဆန္ဒပြခဲ့သူ တစ်ဦးက ဆိုသည်။
"ညနေပိုင်းမှာ မြို့ခံတွေက ကန့်ကွက်ဆန္ဒပြဖို့ တံတားထိပ်မှာ လူစုလာကြတယ်၊ နောက်ပိုင်းကျတော့ လူတအားများလာပြီး ကားတွေ၊ ဆိုင်ကယ်တွေ ပိတ်ကုန်တယ်။ ယာဉ်ကြောပိတ်ပြီး တစ်နာရီကျော်ကြာမှ သက်ဆိုင်ရာက မော်တော်ပီကယ်တွေ လာရှင်းပေးတယ်၊ အစပိုင်းတုန်းက အရပ်သားတွေပဲ လမ်းရှင်းပေးနေရတယ်" ဟု သွားရောက်အားပေးခဲ့သူ မိတ္ထီလာမြို့ခံ တစ်ဦးက ဆိုသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် အစ္စလာမ် ဘာသာဝင်များနှင့် ဒေသခံဘာသာဝင်များ ပဋိပက္ခဖြစ် ပွားရာ နေရာများသို့ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံသူအဖြစ် အစ္စလာမ်ဘာသာဝင် မစ္စတာ ကင်တားနားအား စေလွှတ်ခြင်းအတွက် ကုလသမဂ္ဂ အဖွဲ့ကြီး၏ ဂုဏ်သိက္ခာ ကျဆင်းကြောင်း ဖော်ပြ ထားပြီး အဆိုပါ လုပ်ရပ်အတွက် ကန့်ကွက်ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြထားသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားမှာ မိတ္ထီလာမြို့သို့ ည ၁၀ နာရီခွဲတွင် ရောက်ရှိလာပြီး  ဆက်သွယ်ရေးရိပ်သာတွင် ခေတ္တ၀င်ရောက်ခဲ့ကာ ခရိုင်အုပ်ချုပ်ရေး အဖွဲ့နှင့် တွေ့ဆုံသွားခဲ့ပြီး ည ၁၁ နာရီကျော်တွင် ရန်ကုန်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် သြဂုတ် ၁၂ ရက်က ရခိုင်ပြည် နယ် အတွင်းသို့ သွားရောက်ခဲ့စဉ်ကလည်း ဒေသခံများ၏ ဆန္ဒပြခြင်းကို ခံခဲ့ရသည်။ ရခိုင်ပြည်နယ် သို့ နှစ်ရက်ခရီး လာရောက်စဉ်အတွင်း ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ အရေးထက် ဘင်္ဂါလီများ ကိုသာ အလေးပေး တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများက ပြောကြားသည်။
ရခိုင်ခရီးစဉ်မှ အပြန်တွင် မစ္စတာကင်တားနားသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ပြီး စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ကချင်ခရီးစဉ် အပြီးတွင် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့ပြီး အပြန်ခရီးစဉ်တွင် မိတ္ထီလာမြို့သို့ ခေတ္တ၀င်ရောက်စဉ် ယခုလို ဆန္ဒပြခံခဲ့ ရခြင်း ဖြစ် သည်။

Eleven Media Group

No comments:

Post a Comment