Wednesday, August 28, 2013

ပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များတွင် နောက်ကွယ်၌ လှုံ့ဆော်သူ အမျိုးမျိုး ရှိနေသည်ဟု ဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြား

X-28-8
ကန့်ဘလူမြို့နယ်ရှိ ထန်းကုန်းကျေးရွာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေး နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံအ၀န်း ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များမှာ ကနဦးတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်နှင့် သာမန် မှုခင်း ဖြစ်စဉ်များ စတင်ဖြစ်ပွားရာမှ အစပြုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များ၏ နောက်ကွယ်၌ လှုံ့ဆော်သူ အဖွဲ့အစည်း အမျိုးမျိုး ရှိနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြားနေသော်လည်း ကျူးလွန်သူ များကို ဖမ်းမမိသေးကြောင်း သိရသည်။
ပြည်တွင်း၌ သာမန်ဖြစ်စဉ်များမှ အစပြု၍ ပဋိပက္ခဖြစ်စဉ်အထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှာ ၂၀၁၂ ခုနှစ်၊ မေ ၂၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျောက်နီမော် ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာမှ မသီတာထွေးအား အစ္စလာမ်ဘာသာဝင် သုံးဦးမှ အဓမ္မပြုကျင့်ပြီး ပစ္စည်းများလုယူကာ သတ်ဖြတ်ခဲ့ သည့် ဖြစ်စဉ်မှ စတင်ကာ ကျောက်နီမော် ကျေးရွာရှိ ရခိုင်လူမျိုး ၁၀၀ ခန့်မှ ကျောက်နီမော် ရဲစခန်းသို့ ရောက်လာပြီး ပြစ်မှုကျူးလွန်သူ သုံးဦးကို ထုတ်ပေးရန် တောင်းဆိုခဲ့ရာမှ အစပြုပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ထိုနည်းတူစွာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦးမြို့နယ် တို့တွင်လည်း တစ်ကျော့ပြန် ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့သည်။
ထို့နောက် အဆိုပါ ပဋိပက္ခများသည် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များသို့လည်း ကူးစက်ခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များတွင်လည်း ပဋိပက္ခများ ဖြစ်ပေါ်စေ ရန် အော်ဟစ်ဖန်တီးမှုများနှင့် ကောလာဟလ ထုတ်လွှင့်မှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ရသည်။
ယင်းကဲ့သို့ ကောလာဟလများ ထွက်ပေါ်ပြီးနောက် မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ် မတ် ၂၀ ရက်တွင် ရွှေဆိုင်တစ်ဆိုင်တွင် ရွှေလာပေါင်ခြင်းကိစ္စ သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွေကို သာမန်လေးကအစ အကြီးကြီးအထိ ဖြစ်ပွားခဲ့တာကတော့ နောက်ကွယ်က လှုံ့ဆော်သူတွေရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်မှာပေါ့။ ပြည်သူတွေ အများစုက အခုမှစပြီးတော့ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ စည်းကမ်းနဲ့ တရားဥပဒေ စိုးမိုးမှုကို အသားမကျသေးဘူးလို့ ထင်တယ် . . . . .
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍လည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း မတ်လအတွင်းက မိတ္ထီလာဖြစ်စဉ်၏ နောက်ကွယ်တွင် ကြိုးကိုင်လှုပ်ရှားသူများ ရှိနေသည်ဟု သုံးသပ်ခဲ့သည့် အပြင် ကောလာဟလ ထွက်ပေါ်ခဲ့သည့် သတင်းများကလည်း ပဋိပက္ခ ဖြစ်စဉ် အပေါ် ကြောက်စရာ ကောင်းလောက်သည်ဟု ပြောကြားခဲ့သည်။
ဧပြီ ၃၀ ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့ ဈေးတောင်ဘက် ဘုရားကြီးလမ်းတွင် ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးနှင့် မွတ်စလင် အမျိုးသမီးတို့ တိုက်မိပြီး သပိတ်ကျကွဲသွားရာမှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့မှုများ၊ သတ်ဖြတ်မှုများကြောင့် ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်းဆောင်ရွက်ကာ ငြိမ်သက်အောင် ပြုလုပ်ခဲ့ ရသည်။
အလားတူ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးအား ဓာတ်ဆီလောင်း မီးရှို့ရန် ကြံစည်ရာမှ အကြမ်းဖက် ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားမှုကြောင့် အပြစ်မဲ့ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး အသက်များစွာ ဆုံးရှုံးခဲ့ရသည်။
အဆိုပါ မန္တလေးတိုင်း ဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့မှုနှင့် ပြည်တွင်း၌ ပဋိပက္ခ ဖြစ်ပွားနေမှုအပေါ် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးထွန်းနိုင်က "ဖြစ်စဉ်တွေကို သာမန်လေးကအစ အကြီးကြီးအထိ ဖြစ်ပွားခဲ့တာကတော့ နောက်ကွယ်က လှုံ့ဆော်သူတွေရဲ့ ရည်ရွယ်ချက်ပဲ ဖြစ် မှာပေါ့။ ပြည်သူတွေ အများစုက အခုမှစပြီးတော့ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ စည်းကမ်းနဲ့ တရားဥပဒေ စိုးမိုးမှုကို အသားမကျသေးဘူးလို့ ထင်တယ်။ အကြောင်းအရာ တစ်ခုကို မကျေနပ်ရင် သေချာမစဉ်းစားဘဲ ထစ်ခနဲဆိုတာနဲ့ အုပ်စုလိုက် ဆန္ဒပြမယ်၊ အုပ်စုလိုက် အကြမ်းဖက် ရမ်းကားမယ် ဆိုတာချည်းပဲ ခေါင်းထဲရောက်နေတယ်လို့ ကျွန်တော်ထင်တယ်။ အသေးအဖွဲ ကိစ္စတွေအပေါ်မှာ တရားဥပဒေ ဆောင်ရွက်မှုကို အသိမရှိဘဲနဲ့ လူစုလူဝေး လုပ်ပြီးတော့ ဖျက်ဆီးနေကြတယ်။ ပဋိပက္ခ ဖြစ်စဉ်တွေမှာလည်း နောက်ကွယ်ကနေ ကြိုတင်လှုံ့ဆော်သူတွေ အမျိုးမျိုး ရှိနေတယ်။ လှုံ့ဆော်သူတွေကလည်း မိမိရဲ့ လှုံ့ဆော်မှုက ခံယူတဲ့သူအပေါ်မှာ အမြင်စောင်းမှုတွေ မကျေနပ်မှုတွေ ရှိလာနိုင်တာတွေကို ကြိုတင်မစဉ်းစားထားဘူး။ ဥပမာ- ၉၆၉ နဲ့ ပတ်သက်ပြီးတော့ လှုံ့ဆော်သူတွေက မလှုံ့ဆော်ခင် ကတည်းက ခံယူတဲ့ ပြည်သူလူထုတွေရဲ့ အခြားသက်ရောက်မှုတွေ ရှိမရှိကို အစကတည်းက စဉ်းစားပြီး ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ အခုအချိန်အထိတော့ နောက်ကွယ် ကနေ လှုပ်ရှားတဲ့သူတွေကို ဖမ်းမမိသေးပါဘူး" ဟု သြဂုတ် ၂၇ ရက် မွန်းလွဲက သုံးသပ်ပြောကြားခဲ့သည်။
အလားတူ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့မရဲစခန်းက မြို့နယ်မှူး ရဲမှူးမြင့်မောင်က "ကျွန်တော့်မြို့နယ်မှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကလည်း ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ မမျှော်လင့်တဲ့အထိ ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တယ်။ ကိုရင်လေးတစ်ပါးကို ၀င်တိုက်ခဲ့တဲ့ အမျိုးသမီးက အဲဒီနေရာမှာပဲ ကိုရင်လေးကို တောင်းပန်မယ်၊ သပိတ်ကို ပြန်ဝယ်ပေးမယ်ဆိုပြီးတော့ ပြောမယ်ဆိုရင် ဒီလောက်အထိ ဖြစ်မယ်လို့ မထင်ဘူး။ အမျိုးသမီးဘက်ကလည်း လူအများကြီးရှေ့မှာ ရှက်ကြောက်ပြီးတော့ ထွက်ပြေးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချို့သူတွေက မထီမဲ့မြင် ပြုလုပ်တယ်ဆိုပြီးတော့ ဖြစ်စဉ်ကိုချဲ့ထွင်ပြီး ပြဿနာကြီးအောင် ပြုလုပ်ခဲ့တာပါ" ဟု သြဂုတ် ၂၇ ရက် နံနက်က သုံးသပ်ပြောကြားခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ ကိုစိုးလင်းက "အဖြစ်အပျက်တွေ ဖြစ်လာတိုင်း သေးသေးလေးက စတာပဲ။ များသောအားဖြင့် လူစည်တဲ့ နေရာဖြစ်တဲ့ ဈေးတို့မြို့လယ်ကောင်တို့ အထူးသဖြင့် လူစုလွယ်တဲ့ နေရာတွေမှာ အဖြစ်များတယ်။ မြို့ခံတွေကစတဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူး။ မိတ္ထီလာမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်ဆိုရင် အဝေးကလာတဲ့ ဧည့်သည်က ရွှေလာရောင်းတယ်။ ပြီးတော့ လူစည်ကားတဲ့ ဈေးနေရာမှာ စဖြစ်တယ်။ စဖြစ်တယ် ဆိုတာနဲ့ ထူးခြားတာတစ်ခုက ကောလာဟလ အမျိုးမျိုးထွက်လာပြီး ချက်ချင်းလူအုပ်စုကြီး ဖြစ်လာတယ်။ နောက်ဆက်တွဲက ပြဿနာကို မကြီးကြီးအောင် ကောလာဟလ အမျိုးမျိုး ထွက်လာတယ်။ မတ်လတုန်းကဖြစ်ခဲ့တဲ့ ကိစ္စမှာဆိုရင် နောက်ပိုင်းအဖြစ်အပျက်တွေမှာ အာဏာပိုင်တွေက ရပ်ကြည့်နေတယ်လို့ မဆိုလိုပေမယ့် ဆောင်ရွက်ပုံတော့ အားနည်းတယ်။ အဲလို အားနည်းတဲ့ အခါကျတော့ မိတ္ထီလာမြို့ တစ်ဝက်လောက်က ပျာပုံဖြစ်ပြီး အထိနာခဲ့တယ်။ လူစုလူဝေး အမျိုးမျိုးက သွေးထိုးလှုံ့ဆော်မှုတွေ အလိုလို ထွက်ပေါ်လာတယ်။ လူစုလူဝေးမှာတဲ့ လူတွေကို မြင်ဖူးသလို ရှိပေမယ့် နောက်ပိုင်းအဲဒီလူတွေအားလုံး ပျောက်သွားတယ်။ အာဏာပိုင်တွေရဲ့ အချိန်နဲ့ တစ်ပြေးညီ ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိတာက မိတ္ထီလာမြို့မှာ မတ်လအတွင်း သုံးရက်ကြာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရတယ်" ဟု ပြောကြားသည်။
"ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာ အဓိကက သည်းခံစိတ် မထားတတ်တာ။ ပြောရမယ်ဆိုရင်တော့ ကိုယ်ဘာသာ သူ့ဘာသာ အယူဝါဒ စိတ်ဓာတ်တွေ ပြင်းထန်ပြီး ဖြစ်ကြတာပါ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အားလုံးက ဖြူစင်အောင် ကျင့်ကြံနေထိုင်ကြတဲ့ ဘာသာတွေချည်းပါပဲ။ နောက်ပြီး ကိုယ့်ရဲ့ယုံကြည် ကိုးကွယ်ရာ လွတ်လပ်ခွင့်ပေးထားပြီ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိန်းကျောင်းပြီး သွားကြဖို့ပဲ မြင်ပါတယ်။ နောက်ကွယ်ကနေ ကြိုးကိုင်နေတာလားတော့ ပြောရ ခက်တယ်။ အတိအကျကြီးလည်း မသိနိုင်ဘူး။ မှန်တယ်မမှန်ဘူးဆိုတာ ထဲထဲဝင်ဝင် လေ့လာစုံစမ်းနိုင်မှ အကြောင်းအရင်းမှန်ကို သိနိုင်မှာ။ ဒီလိုဖြစ်နေကြတာတွေမှာ နောက်ကွယ်က အဖွဲ့လေးတွေ ရှိကောင်းရှိနေနိုင်တယ်။ သီးခြားအဖွဲ့အစည်း တစ်ခုအနေနဲ့တော့ ရှိနေလိမ့်မယ် မထင်မိဘူး။ ဘယ်အရာမဆို ဖုံးကွယ်လို့မှ မရတာ။ အချိန်တန်ရင်တော့ အမှန်တရားက ဗူးပေါ်သလို ပေါ်လာမှာပဲ။ အထူးသဖြင့် ဘာသာတရားဆိုတာ ပိုတောင်ဆိုးသေးတယ်။ တို့ဗုဒ္ဓဘာသာတွေက မဟုတ်တာလုပ်ရင် ထိခိုက်မှာပဲ" ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်မောင်လွင်က ပြောကြားသည်။
"စနစ်တကျ ဖြစ်သွားတယ်လို့ မထင်ရဘူး။ တကယ်သာဆို ဒီထက်ပျက်စီးမှာ။ ပဋိပက္ခ ဖြစ်မယ်ဆိုရင် ဒီထက်မက သေဆုံးမှုတွေ၊ ပျက်စီးမှုတွေ ရှိလာနိုင်တယ်။ ဘာသာရေး လှုပ်ရှားမှုဆို ရင်လည်း နှစ်ဦးနှစ်ဖက် ကိုယ်စီလှုပ်ရှားနေကြတာမို့ တစ်ဖက်တည်းကို ဇောင်းပေးပြီး အပြစ်ဖို့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်တဲ့ပြဿနာတွေက သေးသေးလေးပါ။ ကောလာဟလတွေကြောင့် မလိုအပ်ဘဲ အကြီးကြီး ဖြစ်သွားတာပါ" ဟု လားရှိုးမြို့ ၇ ရပ်ကွက်နေသူ ကိုလှိုင်ထူးက ၎င်း၏ထင်မြင် ယူဆချက်အား ပြောကြားသည်။
"အခု ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီတွေနဲ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအပေါ်မှာ အခြေခံလာတယ်လို့ ယူဆပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းကန်ဘုရားတွေ ဖျက်ဆီးခံရတဲ့ အပေါ်မှာ စိတ်ထိခိုက်ကြတာတွေ ရှိတယ်။ နောက်ပြီး နောက်ကွယ်ကနေ လှုံ့ဆော်နေတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသား အခွင့်အရေးရဖို့၊ လူ့အခွင့်အရေး အကြောင်းပြပြီး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဓိကကတော့ ဒီဘက်မှာက အမျိုးဘာသာ၊ သာသနာကို စော်ကားတယ်ဆိုပြီး လက်တုံ့ပြန်ချင်လို့ ဖြစ်နေတာလို့ ထင်ပါတယ်" ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ပဋိပက္ခ ဖြစ်စဉ်များ၏ နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးသော် လည်း နေအိမ် များအား မီးရှို့ဖျက်ဆီးသူများ၊ လူသတ်မှု ကျူးလွန်သူများနှင့် တုတ်ဓားလက်နက် ကိုင်ဆောင်ထားသူ များကို စစ်ဆေးဖော်ထုတ်ကာ အရေးယူမှုများ ရှိနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင်လည်း သြဂုတ် ၂၄ ရက် ညနေပိုင်းက ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ရာမှ စတင်ပြီး လူနေအိမ် ၄၀ နီးပါး မီးရှို့ဖျက်ဆီး ခံရသည်အထိ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်ရှိ ဒေသခံ အများစုက အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်တွင် နောက်ကွယ်၌ ကြိုးကိုင်သူ ရှိသည်ဟု သုံးသပ်ရခြင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က ညနေ ၅ နာရီ ၀န်းကျင်တွင် ဖြစ်ပွားခဲ့ပြီး တစ်နာရီခွဲ အချိန်အတွင်း ကန့်ဘလူမြို့နယ်နှင့် ဆက်စပ်မြို့နယ်တွေကလူတွေ အုပ်စုလိုက် လာရောက်ပြီးတော့ ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြတဲ့ အကြောင်းရင်းကြောင့်ဖြစ်ကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ကိုစိုးလွင်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment