Sunday, August 4, 2013

နောင်လာမည့် ငါးနှစ်တာ ကာလအတွင်း ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်များအား တိုးချဲ့မှုများ ပြုလုပ်မည်

B-4-8
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်အား တွေ့ရစဉ်
နောင်လာမည့် ငါးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များအား တိုးချဲ့ မှုများ ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးမင်း ၏ ပြောကြား ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးစိုးမင်းက "လက်ရှိစက်မှုဇုန်တွေကို တိုးချဲ့ဖို့ လုပ်ငန်းတွေ ကို လာမည့်ငါးနှစ်အတွင်းမှာ ပြုလုပ်သွားပါမယ်" ဟုဆိုသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး၏ နောင်လာမည့် ငါးနှစ်တာ ကာလများအတွင်း အနာဂတ် ရင်းနှီးမြှုပ်နှံမှုများအဖြစ် ပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်မီးကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့အား တိုးချဲ့ သွားရန်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်လုပ်နေသော လူဦးရေမှာ နှစ်စဉ်မြင့်တက်မှုများ ရှိနေပြီး ၂၀၁၂ ခုနှစ်တွင် အလုပ်လုပ်ကိုင်သော လုပ်သားဦးရေ ၆၆၆၆၆၄ ဦးရှိပြီး ၂၀၁၃ ခုနှစ်တွင် ၇၂၀၇၉၄ ဦးထိ ရှိလာခဲ့ကြောင်း ၀န်ကြီးဦးစိုးမင်းက ပြောကြားသည်။
အနာဂတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြောင့် ရန်ကုန်တိုင်းအတွင်း တိုးတက်လာမည့် လုပ်ငန်းများတွင် စက်မှုဇုန် လုပ်ငန်းများကို ထည့်သွင်းထားသည့်အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိုင်တီနည်း ပညာ လုပ်ငန်း၊ အထည်ချုပ်နှင့် ချည်ထည်လုပ်ငန်းနှင့် ဆက်သွယ်ရေး လုပ်ငန်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ဒဂုံတောင် စက်မှုဇုန်၊ စက်ရုံအလုပ်ရုံပေါင်း ၅၁၀၈ ခုရှိကြောင်းလည်း သိရသည်။
နောင်လာမည့် ငါးနှစ်အတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ဗားကရာ-ကြည့်မြင်တိုင် မြစ်ကူးတံတားနှင့် ရန်ကုန်အလှ မြစ်ကမ်းစီမံကိန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

EMG

No comments:

Post a Comment