Saturday, August 31, 2013

မြန်မာ့လေကြောင်းမှ ပျံသန်းမှု ရပ်နားခဲ့သည့် တရုတ်နိုင်ငံထုတ် MA-60 လေယာဉ်များနေရာတွင် အစားထိုး ပြေးဆွဲရန် ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ်သုံးစင်း ၀ယ်ယူမည်

8.1.1
ကော့သောင်း လေဆိပ်၌ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်က ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည့် MA-60 လေယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့)
မြန်မာ့လေကြောင်းမှ ပျံသန်းမှု ရပ်နားခဲ့သည့် တရုတ်နိုင်ငံထုတ် MA-60 အမျိုးအစား လေယာဉ် သုံးစင်းနေရာတွင် အစားထိုး ပြေးဆွဲရန် ပြင်သစ်နိုင်ငံထုတ် ATR 72-500 လေယာဉ်သုံးစင်း ထပ်မံဝယ်ယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့လေကြောင်းမှ တရုတ်ထုတ် MA-60 လေယာဉ်သုံးစင်းဖြင့် ခရီးစဉ်များ ပျံသန်းရာတွင် ၂၀၁၃ ခုနှစ် မေ ၁၆ ရက်က မိုင်းဆတ် လေယာဉ်ကွင်း၌ လေယာဉ်တစ်စင်း လေယာဉ်ပြေး လမ်း ချော်ခဲ့ခြင်း၊ ၂၀၁၃ ခု နှစ် ဇွန် ၁၀ ရက်က ကော့သောင်း လေဆိပ်တွင် နောက်ထပ် MA-60 လေယာဉ်တစ်စင်း ပြေးလမ်းချော်မှု ထပ်မံဖြစ်ပွား ခဲ့ခြင်းများကြောင့် မြန်မာ့လေကြောင်း မှ ၀ယ်ယူ အသုံးပြုထားသည့် တရုတ်ထုတ် MA-60 လေယာဉ်သုံးစင်း စလုံး၏ ပျံသန်းမှုကို ၂၀၁၃ ခုနှစ် ဇွန် ၁၁ ရက်မှစ၍ ရပ်ဆိုင်း ထားခဲ့ရသည်။
MA-60 သုံးစင်းတွင် နှစ်စင်းမှာ မတော်တဆ ဖြစ်ခဲ့သည့်အတွက် ကျန်တစ်စင်း၏ ပျံသန်းမှုကိုပါ ရပ်ဆိုင်းခဲ့ရခြင်းလည်း ဖြစ်ကြောင်းနှင့် ထိုသို့ သုံးစင်းရပ်နား လိုက်သည့် အတွက် မြန်မာ့လေကြောင်းလိုင်းမှ လေယာဉ် မလုံလောက်၍ ခရီးစဉ်များကိုပင် လျှော့ချပြေး ဆွဲခဲ့ရကြောင်း သိရသည်။
ရပ်နားထားရသည့် တရုတ်ထုတ် လေယာဉ်သုံးစင်းထဲတွင် မိုင်းဆတ်၌ ပြေးလမ်းချော်ခဲ့သည့် MA-60 တစ်စင်းအတွက် အာမခံလျော်ကြေးငွေ အမေရိကန်ဒေါ်လာ ခြောက်သန်းနီးပါးသာ ပြန်ရမည်ဖြစ်သည်။
အဆိုပါ အာမခံလျော်ကြေးငွေဖြင့် ပြန်ဝယ်မည် ဖြစ်သော်လည်း ယခုပြန်ဝယ်မည့် ပြင်သစ်ထုတ် လေယာဉ်မှာ တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းအထိ တန်ဖိုးရှိသည့် အတွက် မြန်မာ့လေကြောင်း အနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ စိုက်ထုတ်ရဖွယ် ရှိနေသည်။ ရပ်နားထားသည့် တရုတ်ထုတ် လေယာဉ်များ နေရာတွင် ပြင်သစ်နိုင်ငံ ATR ကုမ္ပဏီထုတ် ATR 72-500 လေယာဉ်သုံးစင်းအား အစားထိုးပြန်လည် ၀ယ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ပထမဆုံး အနေဖြင့် အိုင်ယာလန်နိုင်ငံ Aer Arann လေကြောင်းလိုင်းတွင် အသုံးပြုနေသည့် ငါးနှစ်သက်တမ်းရှိ ATR 72-500 MSN 787 လေယာဉ်အား ၀ယ်ယူသွားမည် ဖြစ်သည် ဟုလည်း နေပြည်တော်မှ စုံစမ်းသိရှိရသည်။
ယခုဝယ်ယူမည့် လေယာဉ်တစ်စင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းအထိ ပေးရမည် ဖြစ်ကြောင်း၊ ၀ယ်ငှားစနစ်ဖြင့် ၀ယ်ယူမည် ဖြစ်ကြောင်း၊ ၀ယ်ငှားစနစ် ဆိုသည်မှာ နှစ်ရှည်အရစ်ကျ ငွေပေးချေသည့် စနစ်ဖြစ်သည်။

မြန်မာ့လေကြောင်း အနေဖြင့် လက်ရှိတွင် လေယာဉ်ရှစ်စင်းသာ ကျန်ရှိပြီး အဆိုပါ လေယာဉ် များဖြင့် ၂၅ မြို့သို့ ပျံသန်းပြေးဆွဲရန် လုံလောက်မှု မရှိဟုလည်း သိရသည်။

Eleven

No comments:

Post a Comment