Monday, September 9, 2013

ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူးရထားတွဲများ မကြာမီထည့်သွင်း ပြေးဆွဲမည်

8.1.1
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ပတ်ရထားပေါ်တွင် လိုက်ပါစီးနင်းသူများအား တွေ့ရစဉ်
ရန်ကုန်မြို့ပတ် ရထားများ၏ ၀န်ဆောင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး အဲယားကွန်း စနစ်ပါဝင်သည့် အထူး ရထား တွဲများအား မကြာမီထည့်သွင်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ ၇ ရက်က ရန်ကုန် ဘူတာကြီးတွင် ပြုလုပ်သည့် ရန်ကုန် -ကျိုက်ထို- ရန်ကုန် အထူးအမြန် ရထားစတင်ပြေးဆွဲခြင်း အခမ်းအနားအပြီး သတင်းမီဒီယာ အချို့နှင့် တွေ့ ဆုံရာတွင် ပြောကြားသည်။
လူဦးရေ ခြောက်သန်းကျော် နေထိုင်သော ရန်ကုန်မြို့တွင် ကားလမ်းများတွင် ကားပိတ်ဆို့မှုများ ပြားနေသည့် အတွက် ယင်းကိစ္စအား အထိုက်အလျောက် ပြေလည်နိုင်စေရန်အတွက် ရထားပို့ဆောင်ရေးအား မြှင် တင်ပေး ရန် ရည်ရွယ်ကြောင်း၊ ယခုရန်ကုန် မြို့ပတ်ရထား လမ်းများအား ပြင်ဆင်ခြင်းအပြင် မြို့ပတ် ရထားလမ်း တစ်လျှောက် အမှိုက်များကို ကောက်ယူကာ သန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ပြီး မြင်ကွင်းများ လှပစေရန် ပြုလုပ်နေကြောင်း သိရသည်။ ထို့ပြင် ရထားစီးရေများကို တိုးမြှင့်ကာ ရထားများကို အချိန်မှန်စေရန်လည်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''ရန်ကုန်က လူဦးရေ ခြောက်သန်းကျော် လောက်ရှိတယ်။ ကားလမ်းတွေမှာက Traffic က သိပ်ဆိုးလာတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ရထားပို့ဆောင်ရေး မြှင့်ပေးချင်တဲ့ ဆန္ဒရှိတယ်။ ကားပိတ်ဆို့မှု ဆိုးလာတဲ့ အချိန်မှာပဲ တစ်ပြိုင်တည်း မြို့ပတ်ရထား လမ်းတွေလည်း ပြင်လာပါတယ်။ လမ်းပေါ်မှာ လူတကာလာပစ်တဲ့ အမှိုက်တွေ ကို ကျုံးပြီးတော့ မြင်ကွင်းလေး လည်းကောင်းအောင် လုပ်ပါတယ်။ ပြီးတော့မှ ရှိရင်းစွဲ ရထားတွေကိုလည်း ထိုင်ခုံတွေ ပြင်ပေးလိုက်တာ တွေရှိတယ်။ ရေရအောင် လုပ်ပေးတယ်။ နောက်ပြီး အသွင်အပြင် ကောင်းအောင် လုပ်ပေးလိုက်တော့ ရထားကို အတော်များများ စိတ်ဝင်စားလာကြတယ်။ ကျွန်တော်တို့ လုပ်ပေးဖို့တွေ ကျန်ပါတယ်။ ရထားအစီးရေ ထပ်ပြီးတော့ မြှင့်ပေးရမယ်။ အချိန်တွေမှန်အောင် လုပ်ပေး ရမယ်။ မြို့ပတ်ရထား တွဲဆိုင်းသုံးဆိုင်းမှာလည်း အထူးတွဲတွေ ချိတ်ပေးဖို့ ကျန်ပါသေးတယ်။ နောက်အပတ်လောက်ဆို အဲဒါထပ် လုပ်ပေးမယ်။ နောက်ပြီး ရန်ကုန်-ကျိုက်ထို- ရန်ကုန် ခရီးစဉ်ပြေးတဲ့ ရထားတွေလို အဲကွန်းပါတဲ့ အထူးရထားတွေလိုမျိုး မြို့ပတ်ထဲမှာ သွင်းပေးပြီး ကျွန်တော်တို့ ပေးနိုင်မယ့် ၀န်ဆောင်မှုကို မြှင့်ပေးသွားမယ်'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆိုသည်။
မြန်မာ့မီးရထား လမ်းကြောင်း ၃၅ ခုအနက် ငါးခုသာ စီးပွားရေးအရ တွက်ခြေကိုက်ပြီး ကျန်သည့်လမ်းကြောင်း ၃၀ အား အရှုံးခံ၍ ပြေးဆွဲ ပေးနေရကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
Eleven

No comments:

Post a Comment