Monday, September 9, 2013

ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် မဂ္ဂါဝပ် ၅၀၀ ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အထိ မြှုပ်နှံမည်

8.1.1
သာကေတမြို့နယ် ဧရာဝဏ် လမ်းမကြီးနံဘေးရှိ စီမံကိန်း အကောင်အထည်ဖော်မည့် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် ၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ အထိ မြှုပ်နှံလုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကိုရီးယားနိုင်ငံ အခြေစိုက် Korea Western Power ကုမ္ပဏီမှ လုပ်ကိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံက အစုစပ် ကုမ္ပဏီအဖြစ် Hexa Group of Companies မှ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် အကောင်အထည်ဖော် လုပ်ကိုင် မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ပထမဆုံးအကြိမ် နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုဥပဒေအရ ၀င်ရောက်မြှုပ်နှံ ခြင်းဖြစ်ကာ စီမံကိန်းပြီးစီးပါက သီလ၀ါအထူး စီးပွားရေးဇုန်တွင် သုံးစွဲရန်အတွက် လျှပ်စစ်မီး အဓိက ပေးသွားမည်ဟု သိရသည်။
"ဒီစီမံကိန်းအတွက် ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကနေ ၇၀၀ ကြား မြှုပ်နှံမယ်လို့ သိရပါတယ်။ စီမံကိန်းမှာ ကျွန်တော်တို့ ကုမ္ပဏီက Local Partner အနေနဲ့ လုပ်ကိုင်မှာပါ။ ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့ အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ သဘောတူညီမှု စာချွန်လွှာ (MOA) ထိုးပြီးပါပြီ။ လိုအပ်တဲ့ သဘောတူချက် စာချုပ်တွေ ထိုးပြီးတာနဲ့ စပြီးတည်ဆောက်မှာပါ။ အခုလဲ သဲဖို့တာ မြေကြီးပြင်တာနဲ့ မြေစမ်းသပ်တာတွေကို စလုပ်နေပါပြီ။ သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံဘေးနားက MEP ပိုင်တဲ့ မြေဧက ၅၀ ကျော်မှာ တည်ဆောက်သွားမှာပါ" ဟု ပြည်တွင်းအစုစပ် ကုမ္ပဏီအဖြစ် ၀င်ရောက် လုပ်ကိုင်မည့် Hexa Group of Companies မှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစုံဟန်က ပြောကြားသည်။
လက်ရှိတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ဓာတ်အားဝယ်ယူရေး သဘောတူညီမှုစာချုပ် (PPA) အတွက် ဆွေးနွေးမှုများ ပြုလုပ်နေပြီး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ရှောင်ကြဉ်ရမည့် အချက်များကို သိရှိနိုင်ရန် EIA ဖြင့် ဆောင်ရွက်နေကြောင်း Korea Western Power ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ Mr. Lim Soung Tai က ပြောပြခဲ့သည်။
စီမံကိန်းအား အောင်မြင်စွာ ပြီးစီးနိုင်ရန်အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြောပြသည်။
Korea Western Power ကုမ္ပဏီသည် ကိုရီးယား အစိုးရပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ရန် Toyo-Thai Corporation Public ကုမ္ပဏီအား လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

Eleven

No comments:

Post a Comment