Monday, September 9, 2013

ပိတ်လှောင်ပြီး ခြိမ်းခြောက်ခံရသဖြင့် စိတ်ဝေဒနာခံစားနေရသည်ဟုဆိုကာ ရဲကိုတိုင်ကြား

နေအိမ်အခန်းတွင်း၌ ပိတ်လှောင်ပြီး ခြိမ်းခြောက်ခံရသဖြင့် ဇနီးသည် စိတ်ဝေဒနာခံစားရသည်ဟုဆိုကာ သူ့ အမျိုးသားက တိုင်တန်းမှုတစ်ခုကို အလုံရဲစခန်းက စက်တင်ဘာ ၇ ရက်တွင် အမှုဖွင့် စစ်ဆေးလျှက်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မျူးရုံးက သတင်းထုတ်ပြန်သည်။

သူ့ဇနီးသည်အား တစ်လမ်းတည်းနေ အမျိုးသမီးတစ်ဦးက အိမ်ပေါင်သည့် ကိစ္စ ပြောရန်လာခေါ်သဖြင့် သြဂုတ် ၁၇ ရက်တွင် လိုက်ပါသွားခဲ့ပြီး ထိုနေ့ည ၈ နာရီအချိန်အထိ အိမ်ပြန်ရောက်မလာသဖြင့် လိုက်သွားရာ လမ်းတွင် ထိတ်လန့်နေသည့် အမူအရာဖြင့် ဇနီးသည်ကို တွေ့ရှိခဲ့သည်ဟု အဆိုပါ အမျိုးသားက ထွက်ဆို ထားသည်။

ဇနီးသည်ကို မေးမြန်းရာ သူမကို အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးက မီးဖိုခန်းထဲတွင် တံခါးပိတ်ပြီး အိမ်ပေါင်သည့် စာချုပ်ကို လက်မှတ် မထိုးပေးလျှင် ရဲနှင့်ရှေ့နေခေါ်ထားပြီး ဖမ်းချုပ်ထောင်ချမည်ဟု ပြောကြောင်းသိရသည်ဟု တရားလိုကရဲကို ဆက်လက်တိုင်တန်းထားသည်။

ထို့ပြင် သူ့ဇနီးသည်ကို မီးဖိုခန်းထဲတွင်ထားကာ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပြောဆိုသဖြင့် စာချုပ်တွင် လက်မှတ်ထိုးပေးခဲ့ရကြောင်း ကြောက်ရွံ့တုန်လှုပ်နေကာ ပြန်လည်ပြောပြခဲ့သဖြင့် အိမ်သို့ ပြန်ခေါ်ကာ အိပ်ခိုင်းထားခဲ့သည်ဟု အမျိုးသားက ရဲကို ထွက်ဆိုသည်။

ည ၁၂ နာရီခန့်တွင် ထိုအမျိုးသမီးမှာ အိပ်ယာမှလန့်နိုးပြီး “ကြောက်တယ်၊ ရဲတွေလာဖမ်းနေပြီ” စသဖြင့် အော်ဟစ်ကာ အသိစိတ်ပျောက်ပြီး ထွက်ပြေးနေသဖြင့် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

အဆိုပါ အမျိုးသားက သူ့ဇနီးသည်သည် ဆေးဝါးကုသခံယူနေသော်လည်း ယနေ့တိုင် ကောင်းမွန် လာခြင်း မရှိသဖြင့် ယခုလိုရဲစခန်း၌ ခြိမ်းခြောက်ခဲ့သူများကို လာရောက် တိုင်တန်းခြင်းဖြစ်ကြောင်း လည်း ထွက်ဆို ထားသည်။

စွပ်စွဲတိုင်တန်းခံထားရသူများမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦးဖြစ်သည်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ယခုအမှုကို အလုံရဲစခန်းက အမှုဖွင့်ထားပြီး စွပ်စွဲခံရသူများကို ရှာဖွေနေသည်။

Mizzima

No comments:

Post a Comment