Monday, September 9, 2013

ကျောက်ဖြူအထူးစီးပွားရေး ဇုန်အတွက် အကြံပေးအဖွဲ့နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လုပ်ငန်းအကြံပေး အဖွဲ့နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက် တာမောင်မောင်သိမ်း က ပြောကြားသည်။


"အထူးစီးပွားရေး ဇုန်တွေထဲမှာ ထူးခြားတာက ကျောက်ဖြူအထူးစီးပွားရေး ဇုန်က G to G မလုပ်ဘူး၊ အရင်နှစ်ခုက G to G ပါတယ်။ G to G မပါတဲ့ အတွက် နိုင်ငံတကာ ကျင့်သုံးမှုနဲ့အညီ တင်ဒါစနစ်ကို အသုံးပြု သွားလို့ ရတယ်။ တင်ဒါစနစ်ကို သုံးတဲ့အခါ နိုင်ငံတကာ ကျင့်သုံးတဲ့ပုံက အရင်ဆုံး လုပ်ငန်းအကြံပေး အဖွဲ့ ရွေးရတယ်။ ရွေးပြီးတာနဲ့ တစ်ပြိုင်နက်တည်း လုပ်ငန်းအကြံပေးအဖွဲ့ က ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံ မယ့် သူတွေကို ရွေးရတယ်" ဟု ဒေါက် တာမောင်မောင်သိမ်း က ပြောသည်။

ကျောက်ဖြူဒေသသည် မြန်မာနိုင်ငံ အနောက်ဘက် မဟာဗျူဟာမြောက်သော ပင်လယ် ထွက်ပေါက် ဖြစ်နေခြင်း၊ နက်ရှိုင်းသော ရေစူးမှတ်များ ရှိနေခြင်း၊ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ရေနံစိမ်းပိုက်လိုင်း သွယ်တန်းမှုများရှိခြင်း၊ ကျောက်ဖြူဒေသ ရှိ မဒေးကျွန်းသည် တန်ချိန်သုံးသိန်း ဆိုက်ကပ်နိုင်သော ရေနံတင် ဆိပ်ကမ်း ရှိခြင်းများကြောင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ရင်းနှီးတည်ဆောက်ရန် စိတ်ဝင်စားသူများ များပြားနေကြောင်းလည်း ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း က ဆက်လက်ပြောကြားသည်။

"အထူးစီးပွားရေးဇုန်တွေက တိုးတက်မှုရဲ့ အင်ဂျင်တစ်ခု ဖြစ်တယ်။ မြန်မာပြည်ရဲ့ တိုးတက်မှုတွေကို အင်ဂျင်စက်ကြီးသုံးခု နဲ့ ပြုလုပ်သွားမယ်။ အထူးစီးပွားရေး ဇုန်တွေကို အင်ဂျင်စက်ဆိုပြီးတော့ တင်စားပြီး ပြောကြတယ်။ ကျောက်ဖြူစီးပွားရေးဇုန်ရဲ့ အဓိက အားသာချက်က စီးပွားရေးအရ မဟာဗျူဟာကျတဲ့ နေရာမှာ ရှိနေတယ်။ သူ့ရဲ့ အားအသာဆုံး တစ်ချက်က ရေနက် ဆိပ်ကမ်း ဆောက်လို့ ရတယ်။ အနီးနားမှာ ဆိုရင်လည်း မဒေးကျွန်းမှာ တန်ချိန်သုံးသိန်း ဆိုက်ကပ်လို့ ရတဲ့ ရေနက် ဆိပ်ကမ်း ဆောက်ထားပြီးသား ဖြစ်တယ်။ နောက်တစ်ခုက တစ်ဖက်က ပင်လယ်ရှိပြီးတော့ တစ်ဖက်က တောင်တန်းတွေ ရှိတဲ့အတွက် သဘာဝ ဘေးအန္တရာယ်တွေကို ကာကွယ်ပြီး သား ဖြစ်နေ တယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment