Thursday, September 5, 2013

တနင်္သာရီတိုင်း အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်သုံးခုမှ နေ့စဉ်ဝင်ထွက်သူ ဦးရေ ၆၀၀ ကျော်မှ ၈၀၀ ကျော်အထိရှိ

O-5-9
မြန်မာ-ထိုင်း ထီးခီးနယ်စပ်မှ ထိုင်းနှင့် မြန်မာနိုင်ငံသားများ ၀င်ထွက်သွားလာ နေသည်ကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်သုံးခုမှ နေ့စဉ်ဝင်ထွက် သွားလာသူဦးရေ ၆၀၀ ကျော်မှ ၈၀၀ ကျော်အထိ ရှိနေကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ထီးခီး၊ မောတောင်၊ ကော့သောင်းဟူ၍ နယ်စပ်ဂိတ် သုံးခုရှိပြီး ကော့သောင်းနှင့် ထီးခီးနယ်စပ်ဂိတ်များကိုမူ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်များအဖြစ် ဖွင့်လှစ်ထားပြီး မော့တောင်နယ်စပ်ဂိတ်ကိုမူ နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်မှု မပြီးပြတ်သေးသောကြောင့် နယ်စပ်ဂိတ် တစ်ခုအဖြစ်သာ သတ်မှတ်ခွင့် ပြုထားသေးကြောင်း သိရသည်။
"တနင်္သာရီတိုင်း ဒေသကြီးအတွင်းက ထိုင်း-မြန်မာ နယ်စပ်ဂိတ် သုံးခုကို ဖွင့်လှစ်ထားပါတယ်။ ကော့သောင်းနဲ့ ထီးခီးနယ်စပ်ဂိတ်တွေကို သြဂုတ် ၂၈ ရက်ကနေစပြီး အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက် အဖြစ် တိုးမြှင့်ဖွင့်လှစ် ထားပါတယ်။ မောတောင်ဂိတ်ကတော့ နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်တာ မပြီးပြတ်သေးလို့ နယ်စပ်ဝင်ပေါက် တစ်ခုအဖြစ်သာ ဖွင့်လှစ်ထားပါတယ်။ နယ်စပ်ဝင်ပေါက်တွေကနေ ထိုင်းနဲ့မြန်မာနိုင်ငံသားတွေကို BP (Borderpass) နဲ့ TBP (Temporary Borderpass) တွေနဲ့ ၀င်ခွင့်ပြုထားပါတယ်။ အပြည်အပြည်ဆိုင်ရာ ၀င်ထွက်ပေါက်တွေမှာတော့ ထိုင်းနဲ့မြန်မာနိုင်ငံသားတွေအပြင် တတိယ နိုင်ငံသားတွေကိုပါ ဗီဇာနဲ့ ဝင်ခွင့်ပြုသွားမှာပါ။ ထိုင်း-မြန်မာ နှစ်နိုင်ငံလုံးရဲ့ BlackList စာရင်းဝင်နေတဲ့ သူတွေကိုတော့ ၀င်ရောက်ခွင့် မပြုပါဘူး။ ပြစ်မှုဆိုင်ရာ ကျူးလွန်ထားတဲ့ သူတို့ကိုလည်း ၀င်ခွင့်မပြုပါဘူး။ BP နဲ့ TBP လုပ်ဖို့ နယ်စပ်ဂိတ်မှာ ပုံစံ (၁၀) နဲ့  မှတ်ပုံတင်လိုပါတယ်။ BP နဲ့ TBP က ဒေသခံတွေ တစ်ဖက်နိုင်ငံကို သွားရောက်လည်ပတ်နိုင်ဖို့ လုပ်ပေးထားတာပါ။ ဒီဒေသက မဟုတ်တဲ့သူတွေ ထိုင်းဘက်ကို သွားရောက်လည်ပတ်ချင်ရင် သွားလို့ရအောင် အဖွဲ့စုံပါတဲ့ ဘုတ်အဖွဲ့တစ်ခု စီစဉ်ထားပြီး အဖွဲ့ရဲ့ထောက်ခံချက်နဲ့ သွားလို့ ရအောင် လုပ်ပေးထားပါမယ်။ ကျနော်တို့က ကိုယ့်နိုင်ငံသားတွေ တစ်ဖက်နိုင်ငံကို ၀င်ထွက်သွားလာတဲ့အခါမှာ တရားဝင် သွားလာတာမျိုးပဲ ဖြစ်စေချင်ပါတယ်။ ခိုးသွားလို့ ဖမ်းမိရင် ဘာမှလုပ်လို့ မရပါဘူး" ဟု တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းလွင်က ပြောကြားသည်။
တနသာင်္ရီတိုင်း ဒေသကြီးအတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင် ထီးခီးဂိတ်မှ နေ့စဉ်မြန်မာနိုင်ငံသား ၁၀၀ နီးပါးနှင့် ထိုင်းနိုင်ငံသား ၅၀ ခန့် ဝင်ထွက်သွားလာလျက်ရှိပြီး ထိုင်းနိုင်ငံသားများမှာ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်နေသည့် ထိုင်းကုမ္ပဏီ အီတာလျံ-ထိုင်း (ITD) မှ ၀န်ထမ်း များဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြိတ်ခရိုင်ရှိ မောတောင်နယ်စပ်ဂိတ်တွင် နေ့စဉ်မြန်မာနိုင်ငံသားဦးရေ ၁၀၀ မှ ၁၅၀ အကြား ၀င်ထွက်သွားလာနေကြပြီး ထိုင်းနိုင်ငံသား ၀င်ရောက်မှု နည်းပါးကြောင်း သိရသည်။ ကော့သောင်းနယ် စပ်ဂိတ်တွင်မူ မြန်မာနိုင်ငံသား ၃၀၀ ကျော်၊ ထိုင်းနိုင်ငံသား ၁၀၀ ကျော်နှင့် အခြားကမ္ဘာလှည့် ခရီးသည် ၅၀ မှ ၁၀၀ အကြား နေ့စဉ်ဝင်ထွက် သွားလာလျက်ရှိကြောင်း သိရသည်။  

Eleven

No comments:

Post a Comment