Saturday, September 7, 2013

နိုင်ငံခြားခရီးသွား ၀င်ရောက်မှု များပြားလာခြင်းကြောင့် မြန်မာဟိုတယ် အခန်းခများ နှစ်နှစ်အတွင်း သုံးဆတက်

8.1.1
ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်သို့ တက်ရောက်ဖူးမြော် လေ့လာနေသော နိုင်ငံခြား ခရီးသွားဧည့်သည်များကို တွေ့ရစဉ်
နိုင်ငံခြားခရီးသွား ၀င်ရောက်မှု များပြားလာခြင်းကြောင့် မြန်မာဟိုတယ်အခန်း ခသည် နှစ်နှစ်အတွင်း သုံးဆတက်ခဲ့ကြောင်း ထိုင်းအခြေစိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းဌာန TTR Weekly ၏ ဖော်ပြချက်အရ သတင်းရရှိသည်။
''ဒီနေ့ မြန်မာ့ဟိုတယ် လုပ်ငန်းက လျင်လျင်မြန်မြန်ပဲ ကြီးထွားလာပါတယ်။ နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၀ တန် ဟိုတယ်အခန်းက အခုအမေရိကန်ဒေါ်လာ ၂၀၀၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် ဟိုတယ်အခန်းက အခုအမေရိကန်ဒေါ်လာ ၃၀၀ ဖြစ်သွားပါပြီ'' ဟု ထိုင်းဟိုတယ် လုပ်ငန်းများ အသင်း ဥက္ကဋ္ဌ Surapong Techaruvichit က ထိုင်းဟိုတယ် လုပ်ငန်းရှင်များအသင်း လပတ်အစည်းအဝေးတွင် ပြောကြားသည်။
၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား တစ်သန်းကျော် လာရောက်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ကဏ္ဍမှ ပထမဦးဆုံး အကြိမ်အဖြစ် ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိခဲ့သည်။ ယခုနှစ် အတွင်း နိုင်ငံခြား ခရီးသွား ၁ ဒသမ ၅ သန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံခြားခရီးသွား ၇ ဒသမ ၅ သန်း လာရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန က မျှော်မှန်းထားသည်။
လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပုဂံတို့တွင် ကမ္ဘာ့အဆင့် ဟိုတယ်အုပ်စုများ ဖြစ်သော Accor၊ Marriott၊ Hilton၊ Best Western တို့က ဟိုတယ်များ ဖွင့်လှစ်ရန် စီစဉ်နေပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ် ၂၁ လုံး ရှိပြီး အခန်းပေါင်း ၃၄၀၅ ခန်းရှိသည်။ ထို့အတူ ပြည်ပလုပ်ငန်းများနှင့် အကျိုးတူ ဖွင့်လှစ်ထားသည့် ဟိုတယ်လေးလုံးရှိပြီး အခန်းပေါင်း ၄၄၁ ခန်း ဖွင့်လှစ်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ခွင့်ပြုထားသည့် ဟိုတယ် ၈၃၄ လုံးရှိပြီး အခန်း ပေါင်း ၃၀၄၀၁ ခန်းရှိသည်။ လက်ရှိ ဖွင့်လှစ်ထားသည့် ဟိုတယ်များအနက် ဟိုတယ်ငါးလုံးသာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်များဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

Eleven

No comments:

Post a Comment