Saturday, September 7, 2013

အများသုံးယာဉ်စနစ် မကောင်းသော မြန်မာနိုင်ငံ၌ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ သတ်မှတ်မည့်အပေါ် လူအများက ဝေဖန်ကြ

8.1.1
 ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်များနှင့် ခရီးသည်လိုင်းကား စောင့်နေသူများကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်ကို ရန်ကုန်မြို့၌ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။
ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ဟု သတ်မှတ်သည့် စက်တင်ဘာ ၂၂ ရက်တွင် နံပါတ်ပြား အနီရောင် (အငှားယာဉ်)များ၊ အဖြူရောင် (သံရုံးယာဉ်)များ၊ သံဃာတော် စီးယာဉ်များ မပါဝင်ဘဲ အနက်ရောင် နံပါတ်ပြား များ ဖြစ်သော အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် (ယာဉ်နံပါတ်အနက်) တို့အားလုံး ပါဝင်သည်။
ရန်ကုန်မြို့တွင် ယာဉ်များ ပိုမိုများပြား လာခြင်း၊ ၎င်း၏ နောက်ဆက်တွဲ ရလဒ်အဖြစ် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း တို့ကြောင့် ယခုလို သတ်မှတ်လိုက်သည့် အတွက် အဆိုပါနေ့တွင် ယာဉ်အန္တရာယ် ပိုကင်းပြီး စက်သုံးဆီ ချွေတာရာရောက်ခြင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီး၌ စက်တင်ဘာ ၂၂ ရက် ယာဉ်မသုံးရ နေ့အဖြစ် သတ်မှတ်ထားရှိ ခြင်းကြောင့် ထိုသို့သတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့သတ်မှတ်ရန် အတွက်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးပြီး ဖြစ်ကြောင်း၊ ယင်းနေ့ တွင် နံပါတ်အနက်ရောင်ယာဉ်များ မောင်းနှင်ပါကလည်း မှတ်သားထားရှိ မည်သာဖြစ်ပြီး အရေးယူမည် မဟုတ်ကြောင်း၊ ကိုယ်ပိုင်ယာဉ်များ ဒီမိုကရေစီ ကျင့်ဝတ်များနှင့် ထိုက်တန်မှု ရှိမရှိကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မထသ(ဗ ဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောကြားသည်ဟု အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
ထိုသို့ အစိုးရ၏ ကိုယ်ပိုင်မော်တော်ယာဉ် မသုံးရနေ့ သတ်မှတ်ခြင်းသည် အချို့နိုင်ငံများတွင် ရှိသော်လည်း ပြည်သူများ သွားလာရေး အဆင်ပြေစေမည့်စနစ် မရှိသေးသည့် နိုင်ငံအနေဖြင့် ကျင့်သုံးရန် အချိန်စော နေသေးကြောင်းနှင့် အဓိက ထိတွေ့ခံစားရမည်မှာ ပြည်သူလူထုသာ ဖြစ်သောကြောင့် ပြည်သူလူထု သဘောထား ခံယူပြီးမှသာ သတ်မှတ်သင့်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
8.1.1
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်တစ်စီး (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
''ရန်ကုန် အခြေအနေက သွားရေးလာရေး ခက်ခဲတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ မသုံး ရတဲ့ နေ့ရှိတယ်။ ဒါပေမဲ့ ဒီစနစ်ဟာ မြန်မာပြည် အနေနဲ့ နည်းနည်းစိမ်းနေသေးတယ်။ အားလုံးလက်ခံ နိုင်အောင် လုပ်သင့်တယ်။ လက်ခံဖို့ ခက်ခဲနေတယ်။ ပြည်သူကို အသေအချာ ရှင်းပြသင့်တယ်။ ဒီတော့မှ ဒီစနစ်ကို ပြည်သူတွေ လက်ခံမလက်ခံဆိုတာ အသံတွေ ထွက်လာမှာ။ ပြည်သူတွေက လက်မခံရင်တော့ လိုက်လျောရမှာပါ'' ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။
ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ထုတ်ပြန်သည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည် ဖြစ်သော်လည်း ပြည်သူများ လိုက်နာနိုင်ရန် ရေးဆွဲသင့်ကြောင်းလည်း ဝေဖန်ပြောဆို နေကြသည်။
တောင်ဥက္ကလာပ မြို့နယ်မှ ကိုလင်းလင်းအောင်က ''အရင်တုန်းက အစိုးရဌာနတွေ ယာဉ်မသုံးရနေ့ဆိုပြီး သတ်မှတ်ခဲ့တယ်။ ဒါက သဘာဝကျပါတယ်။ ဒါပေမဲ့ အခု ပြည်သူတွေ ကိုယ်ပိုင်ယာဉ် မသုံးရနေ့ သတ်မှတ် မယ် ဆိုတာကတော့ ပြောစရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေက အစိုးရရဲ့ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေ အောက်မှာ နေရမယ့် သူတွေပါ။ အစိုးရရဲ့ ရပ်တည်မှုတွေ၊ အကောင်အထည် ဖော်မှုတွေ၊ ချမှတ်တဲ့ လုပ်ငန်းစဉ်တွေ၊ အယူအဆနဲ့ ကျင့်သုံးတဲ့ မူဝါဒတွေပေါ် မူတည်ပြီး ပြည်သူတွေပဲ ခံရစံရတာပါ။ ဒါကြောင့် အစိုးရအနေနဲ့ တိုင်းပြည်အတွက်ရော ပြည်သူအတွက်ပါ ဘယ်လောက် အကျိုးရှိတယ် ဆိုတဲ့ ပေတံနဲ့ ချိန်ပြီးတော့ ဖြစ်သင့်လား မဖြစ်သင့်လား၊ သဘာဝကျလား သဘာဝ မကျဘူးလားဆိုတာ စဉ်းစားသင့်ပါတယ်။ ဒီမိုကရေစီ သွားချင်တယ်ဆိုရင် ပြည်သူတွေကို ဒီမိုကရေစီရဲ့ နေထိုင်ရှင်သန်မှု သဘော သဘာဝတွေကို နားလည်အောင် လုပ်ပေးတာ မှန်ပေမယ့် အစိုးရ ကိုယ်တိုင်လည်း ဒီမိုကရေစီကျကျ၊ အရေးကြီး ဆုံးကတော့ ဘယ်အရာမဆို ပြည်သူအပေါ် ကောင်းမယ် မကောင်းဘူးဆိုတာ အရင်ဆုံး စဉ်းစား သင့်ပါတယ်'' ဟု ပြောကြားသည်။
ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းသည့်ပုံစံ တစ်မျိုးအနေဖြင့် ယာဉ်မသုံးရနေ့ သတ်မှတ်သည်မှာ ကောင်းမွန်သော်လည်း ဒီမိုကရေစီ ကျင့်ဝတ်များနှင့် ကြည့်မည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဗဟန်းမြို့နယ်မှ ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ဝေဖန်ပြောကြားသည်။
ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ပညာပေးရေး ဥက္ကဋ္ဌနှင့် မထသ (ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ''အကြမ်းဖျင်းတော့ သတ်မှတ်ပြီးပြီ။ တစ်နှစ်တစ်ကြိမ် လုပ်မှာပါ။ နောက်နှစ်လည်း လုပ်မယ်ဆိုတာက ဒီနှစ်စတင်လုပ်တဲ့ အပေါ်မှာ မူတည်ပြီး သုံးသပ်ပြီးတော့မှ နှစ်စဉ်လုပ်မှာပါ။ ဒီနေ့လုပ်တာ တစ်ယောက်မှ မကြိုက်ကြဘူး၊ အကုန်လုံးက မကြိုက်ဘူး ဆိုလည်း ကမ္ဘာက မြို့ပေါင်း ၁၅၀၀ လုပ်ပြီး မြန်မာပြည်က ရန်ကုန်မြို့ တစ်မြို့တည်း လုပ်တာတောင် မကြိုက်ဘူး ဆိုရင်လည်း နောက်နှစ်ဆက်လုပ်ဖို့ အစီအစဉ်လည်း မရှိပါဘူး''ဟု The Daily Eleven သို့ ပြောကြားသည်။
အစိုးရ သတင်းစာတွင် ဖော်ပြထားသည့် ဒီမိုကရေစီ ကျင့်ဝတ်များနှင့် ထိုက်တန်မှုရှိ၊ မရှိကို ကြည့်သွားမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းအနေဖြင့် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
လက်ရှိတွင် တပ်မတော်နှင့် အစိုးရ အရပ်ဘက်ဌာန ယာဉ်များကို လစဉ် တနင်္ဂနွေ နှစ်ရက်ကို ယာဉ်မသုံးရနေ့ အဖြစ် သတ်မှတ်ထားသည်။
နိုင်ငံတကာတွင် ကားအသုံးမပြုရနေ့တွင် အခမဲ့ဘတ်စ်ကားများ စီစဉ်ပေးခြင်း၊ ရထားများ ပိုမိုတိုးချဲ့ ပြေးဆွဲပေးခြင်း စသည့် လူထုပို့ဆောင် ဆက်သွယ်ရေးများကို မြှင့်တင်ပေးခြင်း၊ လမ်းလျှောက်သူများနှင့် စက်ဘီးစီးသူများ အတွက် သီးသန့်လမ်းများ စီစဉ်ပေးခြင်း၊ လမ်းလျှောက်ခြင်းနှင့် စက်ဘီးစီးခြင်းတို့၏ ကောင်းကျိုးများကို ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ကားအသုံးပြုမှုများကို ကန့်သတ်နိုင်ရန် အတွက် လမ်းအချို့ ပိတ်ထားခြင်းများ လုပ်ဆောင်ပေးလေ့ ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ လူငယ်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ''အဲဒီနေ့မှာ ကိုယ်ပိုင်ကား မစီးရဘူး။ စီးတာဟာ ဒီမိုကရေစီ ကျင့်ဝတ်နဲ့ ထိုက်တန်မှုရှိမရှိ ကြည့်မယ်ဆိုတာကတော့ ဒီမိုကရေစီ နည်းမကျဘူးလို့ ထင်ပါတယ်။ ကိုယ်ပိုင်ကားကို ကိုယ်ကြိုက်တဲ့နေ့မှာ စီးမှာပေါ့။ ဒါဟာ ကိုယ့်ရဲ့လွတ်လပ်ခွင့်ပဲ။ တခြားသူရဲ့ လွတ်လပ်မှုကို မထိခိုက်ဘဲ ကိုယ့်ပစ္စည်း ကိုယ်သုံးမှာပဲ။ နိုင်ငံတကာမှာ သတ်မှတ်တဲ့ အဲဒီနေ့မှာ ကိုယ်ပိုင်ယာဉ် မသုံးရလို့ သတ်မှတ်ဖို့ လိုင်းကားတွေက နိုင်ငံတကာ အဆင့်မီလား၊ တက္ကစီတွေကရော နိုင်ငံတကာ အဆင့်မီရဲ့လား၊ သွားလာရေး စနစ်ကရော နိုင်ငံတကာ အဆင့်မီလား ဆိုတာ တာဝန်ရှိသူတွေ စဉ်းစားသင့်တယ်။ အခုဟာက အဓိပ္ပာယ် လုံးဝမရှိဘူး။ ကျွန်တော်ကတော့ အငေါ်တူးပြီး ပြောချင်တယ်။ အစိုးရ အဖွဲ့အနေနဲ့ ထူးပြီးလုပ်ချင်တယ်ဆိုရင် အစိုးရက လာဘ်ပေးလာဘ်ယူ ကင်းရှင်းတဲ့နေ့ဆိုပြီး သတ်မှတ်ပြုလုပ် သင့်ပါတယ်'' ဟု ပြောကြားသည်။

Eleven

No comments:

Post a Comment