Friday, October 11, 2013

၂၀၁၄ မှာ ဘရာဇီးမြေသို့ မည်သည့်အသင်းတွေ ထပ်ပြီး ခြေချခွင့်ရကြအုံးမှာလဲ

ယနေ့ည ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့ညတွေမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ အသီးသီးယှဉ်ပြိုင်ကစားရတော့မှာပါ ဖြစ်ပါတယ်။ အထူးသဖြင့် ၁၁ ရက်နေ့မှာ ဥရောပဇုန်ခြေစစ်ပွဲ၊ တောင်အမေရိက၊ ကွန်ကာကက်ဖ်ဇုန်ခြေစစ်ပွဲ တွေက ပရိတ်သတ်တွေကို ဆွဲဆောင်စေမှာတော့ အသေချာပင်။ ယနေ့ညမှာတော့ မည်သည့်အသင်းတွေက ၂၀၁၄ ကမ္ဘာ့ ဖလားနောက်ဆုံးအဆင့် ပြိုင်ပွဲ ဆီသို့ တက်လှမ်းနိုင်ခွင့် လက်မှတ်များ ပိုင်ဆိုင်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ပါတော့မယ်။


လက်ရှိ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ပြီး လက်မှတ်ရသွားပြီးကြတဲ့ အသင်းတွေကတော့ အိမ်ရှင် ဘရာဇီး၊ ဂျပန်၊ သြစတီးလီအား၊ အီရန်၊ တောင်ကိုရီးယား နှင့် ဥရောပမှာဆိုရင် နယ်သာလန် နှင့် အီတလီ၊ ကွန်ကာကပ်ဇုန်မှာ အမေရိကန် နှင့် ကော့စကာရီကာ၊ တောင်အမေရိကဇုန်မှာ အာဂျင်တီးနားတို့ စတဲ့ အသင်း (၁၀) သင်း အသီးသီးအောင်မြင်ပြီးသွားကြပါပြီ။ လက်ကျန် ၂၂ သင်းတွေက မည်သည့် အသင်းတွေ ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်အားပေးရအုံးမှာပါ။

ဒီတပတ်မှာတော့ အာဖရိက၊ ဥရောပ၊ တောင်အမေရိက နှင့် မြောက်အမေရိက ခြေစစ်ပွဲများမှ အသင်းတချို့  ကမ္ဘာ့ဖလားဝင်ခွင့်ရ စာရင်းထဲကို ထည့်ပေါင်းလာနိုင်ပါတယ်။ ဥရောပဇုန်ခြေစစ်ပွဲမှာ ယနေ့ ညမှာ အောင်မြင်ဖို့ အလားအလာရှိသည့် အသင်းကတော့၊ ဂျာမနီအသင်းဖြစ်ပြီး အိုင်ယာလန်အသင်းကို သရေ တစ်မှတ်ရနိုင်ရုံနှင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်တော့မှာပါ။ အိမ်ကွင်းမှာ ကစားရမှာမို့ အိမ်ရှင်ပရိတ်သတ်ရှေ့ မှာ ဂိုးပြတ်အနေ အထားဖြင့် အောင်ပွဲခံနိုင်လိမ့်မည်ဟု ယူဆရ ပါတယ်။

ဒုတိယမျှော်လင့်ချက်ရှိနေတဲ့ အသင်းကတော့ အုပ်စု (A) က ဘယ်ဂျီယံအသင်းဘဲ ဖြစ်ပါတယ်။ ခရိုအေးရှားကို သရေကစားနိုင်ရင် တိုက်ရိုက်ခြေစစ်ပွဲအောင်နိုင်မှာပါ။ ခရိုအေးရှား ကွင်းမှာ ကန်ရမှာဖြစ်တာကြောင့် ပိုမိုရုန်းကန်ရဖွယ်ရှိပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။

တတိယမျှော်လင့်ချက် ရှိနေတဲ့ အသင်းကတော့ အုပ်စု (E) မှာဦးဆောင်နေတဲ့ ဆွစ်ဇာလန်အသင်းဖြစ်ပြီး၊ ဇယား အောက်ဆုံးဒုတိယနေရာ ရနေတဲ့ အယ်လ်ဘေးနီးယားအသင်းနှင့် အဝေးကွင်းမှာကန် ရမှာဖြစ် ပါတယ်။ ဆွစ်ဇာလန် အသင်း တိုက်ရိုက်ခြေစစ်ပွဲအောင်နိုင်ရေး ပေါ့ဆလို့ မရတဲ့ပွဲမျိုးပါ။

စတုတ္တမျှော်လင့်ချက် ရှိနေတဲ့ အသင်းကတော့ အုပ်စု (F) မှာ ပေါ်တူဂီကို တစ်မှတ်သာထားတဲ့ ရုရှားအသင်းဖြစ်ပါတယ်။ ရုရှားက လူဇင်ဘတ်အသင်းဖြင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး၊ နိုင်ဖို့ရာ ခိုင်နှုန်းများပါတယ်။ တဖက်မှာ ပေါ်တူဂီက အစ္စရေးကို ရှုံးနိမ့်ခဲ့ရင်တော့ ရုရှားအသင်းနောက်တပွဲစောင့် စရာမလိုဘဲ တိုက်ရိုက် ခြေစစ်ပွဲအောင်နိုင်မှာပါ။

ပဉ္စမအသင်းကတော့ အုပ်စု (G) ကဘော့စနီးယားအသင်းဖြစ်ပါတယ်။ ဘော့စနီးယားအသင်းသည် ဂရိအသင်း နှင့် အမှတ်တူသော်လည်းဂိုးပေါင်းများထားတာကြောင့် အုပ်စုအောက်ဆုံး လက်ချင်စတိန်းအသင်း ကိုနိုင်လိုက်တာနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်နိုင်တော့မှာပါ။

နောက်ဆုံး ဥရောပဇုန်မှာ မျှော်လင့်ချက်ရှိတဲ့ အသင်းကတော့ အုပ်စု (I) က လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံစပိန်အသင်းဖြစ်ပါတယ်။ စပိန်အသင်းက ပြင်သစ်အသင်းထက် ရမှတ်တူ တပွဲလျော့ အနေအထားဖြစ်နေပြီး၊ အုပ်စုအောက်ဆုံးက ဘီလာရုစ်နဲ့ ကန်ရမှာဖြစ်တာကြောင့် စပိန်မြေမှာ အောင်ပွဲခံ သွားနိုင်မည်ဟု သုံးသပ်မိပါတယ်။

တောင်အမေရိကအသင်းတွေထဲက ယခု တပတ်ပွဲစဉ်တွေမှာ ကိုလံဘီယာအသင်း ခြေစစ်ပွဲအောင်မြင်ဖို့ အလားအလာကောင်းနေပါတယ်။ ကွန်ကာကပ်ဇုန်မှာတော့  ဟွန်ဒူးရပ်က ကော်စကာရီကာကို အနိုင်ယူနိုင်ခဲ့ရင် သို့မဟုတ် ပနားမားက မက္ကစီကိုတို့ သရေအနေအထားဖြစ်ခဲ့ရင် တိုက်ရိုက်ခြေစစ် ပွဲအောင်နိုင်မှာပါ။

အာဖရိကပွဲစဉ်တွေကတော့ မနက်ဖြန်မှ ယှဉ်ပြိုင်ကစားရမှာပါ။ ယနေ့ညမှာ တက်လှမ်းနိုင်လောက်တဲ့ အသင်းများအခြေအနေကို လေ့လာပြီးကဖေး ပရိတ်သတ်တွေအတွက် တင်ပြပေးလိုက်ပါတယ်။ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးသို့ မည်သည့်နိုင်ငံတွေက ရောက်ရှိ တက်လှမ်း အောင်ပွဲခံနိုင် မလဲဆိုတာကို မျှော်လင့်စောင့်စား အားပေးနိုင်ရေး ရေးသားတင်ဆက် လိုက်ပါ တယ်.....။။။

 Written by မိုးတိမ် (တမာမြေ)

No comments:

Post a Comment