Friday, October 25, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေး အကူအညီပေးမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းပြော

ဒေါ်အောင်ဆန်းစုကြည်မှာ “မိမိ၏ အလေးစားဆုံးသောပုဂ်္ဂိုလ်”ဖြစ်သည်ဟု ပြောကြားခဲ့သော ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး အတွက် နိုင်ငံတကာမှဖိအားပေး လာ စေရန် ဆောင်ရွက်သွားမည်ဟု ကတိက၀တ်ပြုလိုက်သည်။

ဗြိတိန်နိုင်ငံ အမှတ် ၁၀ဒေါင်းနင်းလမ်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုခဲ့သည့် မစ္စတာကင်မရွန်း က ဗြိတိန်နိုင်ငံအနေဖြင့် သူမ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန် အတွက် ဆောင်ရွက်နိုင်သမျှအား ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရန် အတွက် မြန်မာ စစ်တပ်နှင့် လက်ရှိသမ္မတ ဦးသိန်းစိန်တို့၏ သဘောတူညီမှု လိုအပ်လိမ့်မည်ဟုလည်း ၀န်ကြီးချုပ်က ပြောသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိခဲ့ခြင်းများ ရှိခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံ အတွင်းရှိ လူအခွင့်အရေးအခြေအနေများမှာ တိုးတက်မှုများ ရှိလာပြီဟုလည်း ဗြိတိန်ဝန်ကြီးချုပ်က ပြော သည်။

သို့သော် “အရေးကြီးဆုံးသောအချက်ကတော့ တိုးတက်မှု ရေရှည်တည်တံ့ဖို့နဲ့ အထူးသဖြင့် ဖွဲ့စည်းပုံ ပြင် ဆင်တာကို ကျွန်တော်တို့ မြင်တွေ့နိုင်ဖို့ပါပဲ”ဟုလည်း ၎င်းက ပြောကြားသွားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်နေတဲ့ လူတစ်ဦးတစ်ယောက်ကို နိုင်ငံဥသျှောင်ရာထူးအ တွက် အမှန်တကယ် ဖယ်ကျဉ်ထားတဲ့ ဖွဲ့စည်းပုံအောက်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လုံးဝ မှား ယွင်းသွားပါလိမ့်မယ်”ဟုလည်း မစ္စတာကင်မရွန်းက ပြောကြားခဲ့သည်။

“ကျွန်တော့်အမြင်အရတော့ ဒီလိုအခြေအနေမျိုးတွေဟာ ရွေးကောက်ပွဲတွေ မရှိတာနဲ့ အတူတူပါပဲ။ ဒီလို အခြေအနေမျိုးတွေဟာ ဒီမိုကရေစီမဆန်တဲ့ ရွေးကောက်ပွဲတွေဖြစ်ပါလိမ့်မယ်။ ဖွဲ့စည်းပုံကို တစ်နည်း နည်းနဲ့တော့ ချိန်းသင့်ခဲ့ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

“မြန်မာအစိုးရအနေနဲ့ ဒီလိုအပြောင်းအလဲတွေ မဖြစ်မနေ ပြုလုပ်ရမယ်ဆိုတဲ့ ရှင်းလင်းမှုအရှိဆုံး မက်ဆေ့ခ်ျကို ပေးပို့နိုင်ဖို့အတွက် နိုင်ငံတကာဖိအားတည်ဆောက်ရာမှာ ကျွန်တော်တို့ လုပ်နိုင်သမျှကို လုပ် သွားပါမယ်။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း “လက်ရှိအချိန်မှာ အရေးကြီးဆုံးကိစ္စက ဖွဲ့စည်းပုံ ပြင်ဖို့ပါ။ ဒီမိုကရေစီ ဇာတ်သွင်းခြင်းဖြစ်စဉ် ဆက်ရွေ့ဖို့နဲ့ ရေရှည်တည်တံ့ဖို့ဆိုရင် ကျွန်မတို့အနေနဲ့ ဒီမိုကရေစီနည်းလမ်းကျ တဲ့ ဖွဲ့စည်းပုံတစ်ခုဖြစ်ဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ရပါတယ်။ ဒီလိုဖွဲ့စည်းပုံမျိုးက ကျွန်မတို့ လူ့အဖွဲ့အ စည်းဟာ စစ်မှန်တဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေနဲ့ သွားနိုင်မှာပါ”ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီဇာတ်သွင်းခြင်းဖြစ်စဉ်ရဲ့ တစ် စိတ်တစ်ဒေသဖြစ်ချင်တဲ့ ကျွန်မတို့နိုင်ငံတွင်းက လူတွေအားလုံး ပါဝင်နိုင်တဲ့”တိုးတက်မှုမျိုးအား သူမလို ချင်သည်ဟု ယခုတစ်ကြိမ်လာရောက်သည့် ယူကေနိုင်ငံ ဒုတိယခရီးစဉ်အတွင်း၌ ပြောကြားထားသည်။
Mizzima

No comments:

Post a Comment