Saturday, October 26, 2013

ကျေးလက်ဒေသများ အတွက် လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများတွင် ဘတ်ဂျက်ခွဲဝေမှု နည်းပါးဟု လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

ပြည်နယ်များရှိ ကျေးလက်ဒေသများ အတွက် တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျပ်စစ်မီးရရှိရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ခွဲဝေမှုသည် နည်းပါးနေသည်ဟု လွှတ်တော် ကိုယ်စားလှယ် များက ပြည်ထောင်စု လွှတ်တော် တွင် ဝေဖန်ခဲ့ကြသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ထည့်သွင်းဝေဖန် ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက ဆွေးနွေးရာတွင် ''ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွေဟာ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ ရာခိုင်နှုန်း ၇၀ သော ပြည်သူများရဲ့ ဆင်းရဲမှု လျှော့ချရေး အတွက် အရေးကြီးတဲ့ အတွက်ကြောင့် နိုင်ငံတော်က ထောက်ပံ့ငွေ သုံးဘီလျံ အပါအ၀င် JICA, UNICEF, IRD ADB, KTW Bank,IFPT စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများက ကူညီပံ့ပိုးမှုနဲ့ ကျပ်သန်းပေါင်း ၆၆၅၁ ဒသမ ၂၈၆ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံတင်ပြ ထားပါတယ်။ အဲဒီတော့ ဒီကဏ္ဍကြီး သုံးခုနဲ့သူ တောင်းခံထားပါတယ်။ လမ်းတံတား ကဏ္ဍရယ်၊ ရေရရှိရေးရယ်၊ လျှပ်စစ်ရရှိရေးရယ် ဖြစ်တယ်။ ပထမ လမ်းတံတား ကဏ္ဍမှာကြည့်ရင် လုပ်ငန်း ၁၈၈ ခုနဲ့ ကျပ်သန်းပေါင်း ၃၁၉၉၄ တင်ပြထားပါတယ်။ ဒီအထဲမှာ ပြည်နယ်ခုနစ်ခု အတွက် လုပ်ငန်း ၄၄ ခုပဲ ရှိပြီးတော့ ကျပ်သန်းပေါင်း ၈၄၃၀ ဒသမ ၉၊ ရာခိုင်နှုန်းအားဖြင့် ဒီပြည်နယ် ခုနစ်ခုမှာ ၂၆ ဒသမ ၃၅ ရာခိုင်နှုန်းပဲ ရှိပါတယ်'' ဟု သုံးသပ် ပြောကြားခဲ့သည်။
ဆက်လက်၍ ဦးကြည်သာက တိုင်းဒေသကြီး ခုနစ်ခုတွင်မူ လုပ်ငန်းပေါင်း ၁၄၄ ခုအထိ ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ''ကျွန်တော်ဘာကို ဆွေးနွေးချင်လဲဆိုတော့ ကျေးလက်ဒေသ လမ်းတွေဟာ ပြည်နယ်တွေမှာ ပိုဆိုးပါတယ်။ အဲဒီတော့ မူတစ်ခု ချမှတ်ပြီးတော့ ဘဏ္ဍာငွေ ခွဲဝေခြင်းက ပိုသင့်တော်မယ်။ အခုဆိုရင် ပြည်နယ်ခုနစ်ခုက ၂၆ ဒသမ ၂၃ ရာခိုင်နှုန်းပဲ ရပါတယ်။ တိုင်းဒေသကြီးတွေက ၇၃ ဒသမ ၆၅ ရာခိုင်နှုန်းပဲ ရပါတယ်။ ဒါတွေကို နောင်နှစ်တွေ မှာ ပြန်သုံးသပ် ဖို့သင့်ကြောင်း တင်ပြလိုပါတယ်''ဟု ဦးကြည်သာက ဆွေးနွေးခဲ့သည်။ ပြည်နယ်နှင့်တိုင်း ၁၄ နှစ်ခုတွင် လုပ်ငန်း အနည်းဆုံးမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး လမ်းတံတားလုပ်ငန်း သုံးခုသာ ရှိကြောင်း၊ ချင်းပြည်နယ်တွင် လုပ်ငန်းငါးခု၊ ကယားပြည်နယ်တွင် လုပ်ငန်းနှစ်ခုသာ ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
''ကချင်ပြည်နယ်မှာဆိုရင် လမ်း၊ တံတားမှာ မိုးညှင်းနဲ့ ၀ိုင်းမော်မြို့ နှစ်မြို့ပဲ ရှိပါတယ်။ ခန္တီးတို့၊ လဟယ်တို့၊ နန်းယွန်းတို့၊ ထမံသီတို့စတဲ့ ကျေးလက်ဒေသတွေ မပါဘူး။ နောက်သောက်သုံးရေ လုပ်ငန်းကို ဆွေးနွေး မယ် ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသ ကြီး ၁၄ ခု အားလုံးမှာ မပါပါဘူး။ အားလုံးပေါင်း လုပ်ငန်းကိုးခု အတွက် ကျပ်သန်း ၃၄၃၁ ဒသမ ၉၃ သုံးစွဲထားပါတယ်။ တောင်ကြီးနဲ့ ကလော တိုးချဲ့ရေပေးဝေရေးအတွက် လျာထားတဲ့ ၁၁၆၉ ဒသမ ၃၇ ရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံး ရေရရှိရေးရဲ့ ၃၂ ရာခိုင်နှုန်းကျော် ဖြစ်နေ တယ်။ အဲဒီတော့ ကျေးလက်ဒေသ ရေရရှိရေးရန်ပုံငွေမှာ မြို့ကြီးတွေမှာ ဒီလောက်သုံးစွဲတာကို ဆန်းစစ်သင့်တယ်'' ဟု ဦးကြည်သာက သုံးသပ်သည်။
ဆက်လက်၍ ဦးကြည်သာက ''အခု လောလောဆယ် တွေ့ရတာကတော့ ကချင်ပြည်နယ်မှာ မိုးညှင်းမှာရှိတဲ့ ရွာသုံးရွာကိုပဲ ဆိုလာနဲ့ တပ်ဆင်ပေးဖို့ စီမံချက်ရှိပြီး ဝေးလံခေါင်းပါး တဲ့ ကျေးလက်ဒေသတွေ ကို မရောက်တာ တွေ့ရှိရပါတယ်'' ဟု ပြောကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေရာတွင် ကျပ် ၇၇ ဘီလျံကျော် ပြည်ထောင်စု အစိုးရမှ တောင်းခံထားသည်။

Eleven

No comments:

Post a Comment